မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီးတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦး သေ ဆုံး
D Day News
နိုဝင်ဘာလ ၁၂
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက် မွန်းတည့် ၁၂ နာရီ ၂၁ မိနစ်က စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက်စစ်သား ၂ စီးနှင့် မုံရွာမြို့ဘက်မှ ထွက်လာသော အကြမ်းဖက်စစ်ကား ၂ စီးတို့သည် မုံရွာ – မန္တလေးလမ်းမပေါ် မြောင်လမ်းခွဲ၌ ဆုံ၍ ကားပေါ်စစ်သားများကို တင်ဆောင်ခဲ့ကြကြောင်း၊ ထိုသို့ တင်ဆောင်ပြီး စစ်ကိုင်းဘက်သို့ ပြန်လာသော စစ်ကား ၂ စီးကို မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေး ရွာအနောက်ဘက်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ လည်းရှိကြောင်း သိရသည်။
“စစ်ကိုင်းကနေ ထွက်လာတဲ့ကား ၂ စီးနဲ့ မုံရွာကနေ ထွက်လာတဲ့ကား ၂ စီး မြောင်လမ်းခွဲမှာဆုံပြီး စစ်သားတွေချိန်းတင်သွားတာ၊ စစ်ကိုင်းဘက်ပြန်လာတဲ့ ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ၊ ၅ ဦးသေတယ်၊ ထိခိုက်မှုလဲရှိတယ်၊ ထိထိမိမိ ခွဲနိုင်ခဲ့တာပါ၊ မျက်မြင်ခွဲခဲ့တာပါ၊ ကားပေါ်ကနေ ရမ်း သမ်းပစ်ခတ်ပြီး ကားကတော့ ဆက်မောင်းသွားပါတယ်၊” ဟု ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့ခြေစိုက် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့၊ ဇာမဏီ တပ်ဖွဲ့နှင့် ဒေါင်းဘုရင်တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News