မိတ္ထီလာ ရှမ်းတဲလေတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံးပြီး Y 12 လေယာဉ် ၂ စီးနှင့် အဆောက်အအုံ ၂ လုံးထိခိုက်ပျက်စီး
D Day News
နိုဝင်ဘာလ ၁၂
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေး လေတပ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံးပြီး Y 12 လေယာဉ် ၂ စီးနှင့် အဆောက်အအုံ ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မိတ္ထီလာမြို့ရှိ ရှမ်းတဲလေး လေတပ်စခန်းအတွင်းရှိ လကသအရာရှိ အိမ်ရာ (လေကြောင်းအတက်သင်)၊ ခဲယမ်းသိုလှောင်ရုံ၊ လထခ အရာရှိ ရိပ်သာ (လေကြောင်းထုတ်လုပ်)၊ တကစ (၁၀) အရာရှိရိပ်သာတွေ (တပ်မတော် အကြီးစားစက်ရုံ) ၊ ရေဒါ စခန်း နှင့် တပ်မ (၉၉) တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လေတပ်ထိန်း ချုပ်ခွဲရုံးရှိ စုမှူး ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၄ ဦး နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ အပြင် Y 12 လေယာဉ် ၂ စီး ထိခိုက်ပျက်စီးခဲ့ပြီး လေယာဉ်အပိုပစ္စည်းထားသည့် အဆောက်အအုံ မီးလောင်ပျက်စီးခဲ့ပြီး စက်ပြင် စစ်သား ၂ ဦး လည်းမီးလောင်သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများ လည်း ရှိကြောင်း သိရသည်။
“ဒီ မစ်ရှင်ကို ဒရုန်း အစီးရေ ပျမ်းမျှ (၂၄) စီး အသုံးပြုခဲ့ပါတယ်။ ထိခိုက်မှု အများဆုံးက ရှမ်းတဲ လေတပ်နှင့် ထိစပ်လျက်ရှိသော ထုတ်လုပ်ရေးတပ်များ၌လည်း ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ပြီး Y-12 စစ်လေယာဉ် (၂) စီး ထုတ်လုပ်ရေး အဆောက်အဦ (၂) လုံး လဲ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ရန်သူ့ အရာရှိ (၂) ဦး နဲ့ အခြား စစ်သည် (၄) စီး ထက်မက ထိခိုက်ခဲ့တယ်လို့ ကနဦး သိရပါတယ်။ တိုက် ခိုက်မှု အပြီးမှာ ရန်သူ့ဘက်က ဖုန်းတွေကို သိမ်းလိုက်ပြီး ပြင်ပ နဲ့ အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားခဲ့ တယ်လို့ သိရပါတယ်။ ပြင်ပကနေ မီးသတ်ကား (၂) စီး ဝင်သွားပြီး မီးငြိမ်းရတာကိုလဲ ကျွန်တော်တို့ တွေ့ရှိရပါတယ်။ အရေးပေါ် အနေအထား နဲ့ နေပြည်တော်ထိ သယ်ပို့ခဲ့ရပါတယ်။” မိတ္ထီလာမြို့နယ် ပကဖ တာဝန်ခံ ဦးနောင်ချိုက ပကဖ အသံကို ပြောဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ၊ မိတ္ထီလာ ပကဖ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာခရိုင် တပ်ရင်း (၃) ၊ ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၈) နှင့် အမည်မဖော်လိုသည့်တော် လှန် ရေး ပူးပေါင်းမဟာမိတ်အဖွဲ့များကအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့ကူညီမှု၊ ရှာထူးဝေါ် နည်းပညာ အဖွဲ့၏ နည်းပညာပိုင်း အကူအညီဖြင့် ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေး အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က လေကြောင်းဖိအားပေးကာ မြန်မာပြည်အနှံ့ ဗုံးကြဲတိုက်ခိုက်နေသဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူများ ထိခိုက်မှုမရှိစေရန် စနစ်တကျ ပြင်ဆင်ကာ တပ်တွင်း ဖရဲသီးများ၏ အကူအညီဖြင့် တိုက်ခိုက်ခဲခြင်းဖြစ်ကြောင်း သိရသည်။
“တော်လှန်ရေးဟာ မကြာခင်ကာလ အတွင်းမှာ ပြီးဆုံးတော့မယ်။ စစ်အုပ်စုရဲ့ နိဂုံးက မဝေးတော့ ဘူး။ သူတို့လုံခြုံရေးတွေ ဘယ်လောက်ပဲ ထားထား၊ သူတို့ နည်းပညာဘယ်လိုပဲရှိရှိ၊ တော်လှန်ရေး ဟာ မပြည့်စုံတဲ့ကြားက ဒီနည်းပညာတွေကို ကျော်လွှားပြီး ဘယ်လို လုပ်နိုင်တယ်ဆိုတဲ့ message ကို ကျွန်တော်တို့ ပေးခဲ့ခြင်းဖြစ်တယ်။ မြို့ပေါ်မှာ ကျွတော်တို့ တော်လှန်ရေး တပ်တွေ မရှိဘူးလား။ ဒီမြို့ပေါ်က ရန်သူ့တပ်တွေကို ဘယ်လို နှိမ်နှင်းမလဲ။ ဒါမျိုးတွေကို မြို့လူထုက အရမ်းစိတ်ဝင်စားကြ ပါ တယ်။ ကျွတော်တို့ဟာ အခုလို တိုက်နိုင်ဖို့အတွက် ကျတော်တို့ ကာလ ရှည်ကြာ ကြိုးစားရတယ်။ လက်တွေ့တည်ဆောက်ရတယ်။ အခက်အခဲတွေကို ကျော်လွှားရတယ်။ ကျွန်တော်တို့ဟာ ဒီမှာရှိနေ တယ်။ တော်လှန်ရေးမှာ မိတ္ထီလာမြို့၊ မိတ္ထီလာ နယ်သားတွေ ပါဝင်နေတယ်ဆိုတဲ့ message ကို ပိုင် ပိုင် နိုင်နိုင်ပေးနိုင်ခဲ့တယ်။ ဒီနေ့ တော်လှန်ရေးမှာ ဒီမြို့ပေါ်က လူတွေအနေနဲ့လဲ လုံးဝ စိတ်ဓာတ် မကျဘဲ ဒီထက်ပိုအားကောင်းတဲ့ အားပေးမှု၊ သတင်းပေးမှုတွေ လုပ်နိုင်အောင်၊ ကျွန်တော်တို့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။” ဟု မိတ္ထီလာမြို့နယ် ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောကြားသည်။
မိတ္ထီလာမြို့တွင် လေတပ်၊ ခြေလျင်နှင့် သံချပ်ကာ တပ်များက အင်အား အလုံးအရင်းတပ်စွဲထားပြီး ပျူများ၊ စစ်တပ်လိုလားသူများ၊ မဘသများ အင်အား အတန်အသင့် အားကောင်းသည့်မြို့တစ်မြို့ ဖြစ်ကြောင်း၊ ပျူများ၊ မဘသများ၊ တပ်ထောက်ခံသူများကိုလည်း စစ်တပ်ယူနီဖောင်းဝတ်စေကာ ကင်းလှည့်စစ်ဆေးမှုများလည်းရှိကြောင်း သိရသည်။
“တကယ့် စစ်သည်၊ စစ်သားတွေက အားနည်းသွားပါပြီ။ သူတို့ကို နေ့စား သဘောလုပ်နေတဲ့ အ လုပ်သမား၊ ဘယ်လိုလူတွေလဲဆိုတော့ ပျူတွေပေါ့်နော်၊ မဘသတွေ၊ တပ်ထောက်ခံသူတွေ၊ ဒါတွေ က ယူနီဖောင်းဝတ်၊ လက်နက်ကိုင်၊ ကင်းပတ်တာ၊ ဒါမျိုးတွေပဲ အများစု ရှိတော့တယ်။ ကျန်ရှိနေတဲ့ တကယ့် စစ်သည်၊ စစ်သားတွေ ဟာလဲ တိုက်ချင်ခိုက်ချင်စိတ် ပျောက်ဆုံးနေပါတယ်။တိုက်လဲ မ တိုက်ချင်ပါဘူး။ ဒီစစ်ကြီးသည် မတရားဘူးဆိုတာ သူတို့ကိုယ်တိုင်လဲ သိတယ်။ သူတို့မပြောနိုင်လို့ သာ။ သူတို့သည်လဲ ပြည်သူ နဲ့ အတူ ပါဝင် ရပ်တည်လျက်ရှိပါတယ်။ သူတို့ဟာ သတင်းတွေပေးတာ၊ အများကြီး ကူညီခဲ့တာတွေ ရှိပါတယ်။ အဲဒီအတွက်ကြောင့်လဲ ဒီ မစ်ရှင်ကြီး ဒီလို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။” မိတ္ထိလာမြို့နယ်ပကဖတာဝန်ခံ ဦးနောင်ချိုက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီအတွင်း တာဝန်ထမ်းဆောင်နေသော လေတပ်အရာရှိ စစ်သည်များ၊ လေယာဉ်မှူးများ အနေဖြင့် အရပ်သားပြည်သူများကို မတရားဗုံးကြဲခြင်းများ ရပ်တန့်ကာ အာဏာ ရှင်အလိုကျ လိုက်ပါလုပ်ဆောင်ခြင်းမပြုပဲ အလင်းဝင်ကြရန်နှင့် အလင်းဝင်ရောက်လာသူမည်သူ့ကို မဆို လုံခြုံသည့်နေရာပို့ဆောင်ပေးကာ ကောင်းမွန်စွာစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း အသိပေး ထားသည်။
D Day News