ပခုက္ကူမြို့နယ်၊ ဆင်မင်းရွာ စစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
D Day News
နိုဝင်ဘာလ ၁၂
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာ စစ်ဆေးရေးဂိတ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရ သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့က ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာရှိ စစ်တပ်စစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦး သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသော နယ်မြေအတွင်းသို့ လမ်းမှားဝင်ရောက်လာ သဖြင့် ကင်းပုန်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အလစ်အငိုက်ဝိုင်းဝန်းဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်သားနှင့်အတူ ကာဘိုင် အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၃ ခု ၊ ကာဘိုင်ကျည် ၄၅ တောင့်၊ ကျည်ကာ ဝတ်စုံ ၁ ထည်၊ ဦးထုပ် ၁ လုံးနှင့် ဖုန်း ၁ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“၁၀ ရက်နေ့က ဖမ်းမိခဲ့တာ၊ လက်ရှိတော့ သူ့ကို စစ်ဆေးနေဆဲပါ၊ သူတို့ ဂျနီဗာကွန်းဗန်းရှင်း ဥပဒေ အညီ ထိန်းသိမ်းထားပါတယ်။ စစ်ဆေးပြီးရင်တော့ သက်ဆိုင်ရာ ဌာနကိုလွှဲပြောင်းပေးသွားမှာဖြစ်ပါ တယ်” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အဆိုပါ လှုပ်ရှားမှုကို Pakokku People Defense Force ( PPDF ) နှင့်အတူ Young Force U.G တပ်ဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ပခုက္ကူမြို့နယ်၊ ဂွေးချိုရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ပန်းတိုင်းခြုံ စစ်ဆေးရေးဂိတ်ကို ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ တို့ လုပ်ဆောင်ခဲ့သည့်အပြင် ပခုက္ကူမြို့ပေါ်မှ ပျူစောထီးအဖွဲ့ဝင်အချို့ကိုလည်း တိတ်တဆိတ်ဖမ်း ဆီးကာ အပစ်ပေးအရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့က ပြောဆို သည်။
D Day News