ပခုက္ကူမြို့နယ်၊ ဖလံအိုရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီး ကျောင်း ပျက်စီး
D Day News
နိုဝင်ဘာလ ၇
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာကို အကြမ်းဖက်စစ် ကောင် စီ တပ်က လေကြောင်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီးခဲ့ပြီး ကျေးရွာ အတွင်း လူနေထိုင်ခြင်းမရှိသဖြင့် လူထိခိုက်မှုမရှိကြောင်း၊ ဖလံအိုကျေးရွာသည် အိမ်ခြေ ၇၀၀ ခန့် ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး လျှပ်စစ်မီးရရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
“ရွာထဲမှာက လက်ရှိလူမနေကြဘူး။ ရှင်မကန်၊ ဇီးကုန်းက ပျူတွေ သတင်းပေးလို့ ဗုံးလာကျဲသွား တာ။ ဘုန်းကြီးကျောင်းတော်တော်ပျက်စီးတယ်၊ ရန်ကုန်က ဒကာဒကာမတွေ သေချာဆောက်လုပ် လှူဒါန်းပေးထားတာ၊ အခုတန်ဆောင်တိုင်ပြီးရင် ပြန်ပြီးအဝင်ခံမယ်၊ လုံခြုံရေး လုပ်ပေးမယ်လို့ PDF တွေ ပြောတာကြားပြီး ပျူတွေက မနာလိုလို့ လေကြောင်းကနေ ဗုံးကျဲခိုင်းတာ။” ဟု ဒေသနေပြည် သူတစ်ဦးက ပြောကြားသည်။
ပခုက္ကူမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဖလံအိုကျေး ရွာ အပါအဝင် အခြားရွာများမှ နေအိမ် ၈၀၀၀ ခန့် လုံးဝမီးလောင်ပျက်စီးခဲ့ပြီး လက်ရှိကာလတွင် လုံးဝ မီးလောင်ပျက်စီးသွားသောနေအိမ်တစ်လုံးလျှင် ၃ သိန်းကျပ် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထို့အပြင် ပြန်လည်ထူထောင်ရေးကာလ၌ ပျက်စီးသွားသည့် တန်ဖိုးများကို အစားထိုးပေးနိုင်ရန် စနစ်တကျစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။