ချောင်းဦးမြို့နယ်၊ သံလွင်မြန်မာဆီဆိုင်ရှေ့၌ ဆက်ကြေးကောက်နေသော စစ်သားများကို ကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၁
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး သံလွင်မြန်မာဆီဆိုင်ရှေ့တွင် ဆက်ကြေး ကောက်နေသော အကြမ်းဖက်စစ်သားများကို ကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ်အချိန်တွင် ချောင်းဦးမြို့နယ်၊ ခရေဖြူဂိတ်မှ ထွက်လာသော အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သည် ချောင်းဦးနှင့်ငါးယှဥ်ကြားရှိ သံလွင်မြန်မာဆီ ဆိုင်ရှေ့တွင် လမ်းသွားလမ်းလာပြည်သူ့ကားများအား တားဆီးတောင်းရမ်းနေသဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး ၃ ဦးစိုးရိမ်ရ ဒဏ် ရာဖြင့် ဆေးရုံပို့ဆောင်စဉ် ဆေးရုံအရောက် ၂ ဦးသေဆုံးသွားကြောင်း သိရသည်။
“ပစ်ခတ်မှုက ခဏပဲဖြစ်ခဲ့တာ။ လိုက်ထရပ်ကား ၁ စီးအတော်ဆိုးတယ်။ ပစ်ခတ်နေတဲ့ကြားက ဝင်လာပြီး ရပ်သွားတာ၊ အဲဒီကားဝင်ရှုတ်လို့ အပစ် ရပ်လိုက်ရတဲ့အတွက် တောင်ဘက်က ကောင် တွေလွတ်သွားတာ။ စခတွေကလည်း နတ်ရေကန်ဘက်ကရော၊ ချောင်းဦးဘက်ကရော ထွက်လာ ကြတာဆိုတော့ လက်နက်ကောက်ဖို့အဆင်မပြေခဲ့ဘူး။ စခတွေနေရာတော်တော်များများမှာ ပြန့် နေတယ်၊ စခတွေပစ်တဲ့လက်နက်ကြီးက နေအိမ် ၂ လုံးကြားကျတာ၊ လူထိခိုက်မှု မရှိပါဘူး။ နေအိမ် ၂ လုံးပဲပျက်စီးမှုရှိတာပါ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့တာဝန်ခံက ပြောကြားသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် မုံရွာမြို့ထဲမှ သံပြားကာ ကား ၂ စီးဖြင့် ရောက်ရှိလာပြီး ငါးယှန် ကျေးရွာထိပ်မှ နေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ချောင်းဦးမြို့နယ်၊ သန်းပင်ကန်ကျေးရွာအတွင်း လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa ၊ Zayar Shwe Myay People’s Defence Force ၊ နွေဦးလူငယ်People’s Defence Force နှင့် တော သားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News