International News

0 0
Read Time:6 Minute, 50 Second

စစ်တပ်သည် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများထက်ပင် ကျော်လွန်၍ လူ့ဂုဏ်သိက္ခာနှင့် လူသား ဆန်မှု၏ အခြေခံမူများအပေါ် အခြေခံကျကျ ထိပါးတိုက်ခိုက်လာနေဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေး၌ တင်ပြ

 

D Day News

နိုဝင်ဘာလ ၁

 

စစ်တပ်သည် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများထက်ပင် ကျော်လွန်၍ လူ့ဂုဏ်သိက္ခာနှင့် လူသား ဆန်မှု၏ အခြေခံမူများအပေါ် အခြေခံကျကျ ထိပါးတိုက်ခိုက်လာနေဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေး၌ တင်ပြခဲ့ ကြောင်း သိရသည်။

 

အောက်တိုဘာလ ၃၀ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မျက်နှာစုံညီအစည်းအဝေး အစီအစဉ်အမှတ် (၇၃) အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အစီအရင်ခံစာ (The Report of the International Court of Justice) ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူများအား ရိုးရိုးသတ်ဖြတ်ခြင်းသာမကဘဲ ခန္ဓာကိုယ်အစိတ် အပိုင်းများကို ရက်စက်စွာ ဖြတ်တောက်၍ အရပ်သားများ၏ ခြံစည်းရိုးများပေါ်တွင် တမင်တကာ ထင်ရှားစွာ ချိတ်ဆွဲထားခဲ့ပါကြောင်း၊ ဤသို့ သေဆုံးသူရုပ်အလောင်းများကို စနစ်တကျ အစိတ်စိတ် အမွှာမွှာ ဖြတ်တောက်ခြင်းနှင့် ရည်ရွယ်ချက်ရှိရှိ အများပြည်သူရှေ့မျက်နှာစာတွင် ပြသထားခြင်း သည် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများထက်ပင် ကျော်လွန်၍ လူ့ဂုဏ်သိက္ခာနှင့် လူသားဆန်မှု၏ အခြေခံမူများအပေါ် အခြေခံကျကျ ထိပါးတိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ အကြမ်းဖက်စစ်အုပ်စု၏ လတ်တလော ကျူးလွန် ခဲ့ သော ရက်စက်ယုတ်မာမှုများအား အဖွဲ့ဝင်နိုင်ငံအသီးသီးသိရှိနိုင်စေရန် အထူးအလေးထား တင်ပြ လိုကြောင်း၊ ကြိုတင်စီစဉ်ထားသော အကြမ်းဖက်လုပ်ရပ်တစ်ခုအနေဖြင့် အကြမ်းဖက် စစ်တပ်သည် ကလေးငယ် (၃) ဦး၊ အမျိုးသမီး (၃) ဦးနှင့် သက်ကြီးရွယ်အို (၁) ဦး အပါအဝင် အပြစ်မဲ့ အရပ်သား (၂၄) ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဤသို့ လူ့ကျင့်ဝတ်နှင့် ဆီလျော်မှုမရှိသော ရက်စက်ယုတ်မာမှုများသည် လူ့အသိုင်းအဝိုင်းများ အ ပေါ် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်တုန်လှုပ်မှု အမြင့်မားဆုံး ဖြစ်စေရန် ရည်ရွယ်စီစဉ်ထားသော နည်း ဗျူဟာ တစ်ရပ်ဖြစ်သည်မှာ ပေါ်လွင်စေကြောင်း၊ အခြေခံလူ့ကျင့်ဝတ်နှင့် လူသားတန်ဖိုး များမှ မှန်းဆ ၍မရလောက်သည်အထိ သွေဖည်သွားခြင်းကို ညွှန်ပြနေကြောင်း၊ ကလေးသူငယ်များ အပါ အဝင် အပြစ်မဲ့ အရပ်သားများကို တမင်တကာ ပစ်မှတ်ထားခြင်းနှင့် ကြိုတင်စီစဉ်ထားသော ဤ ရက်စက်ကြမ်းကြုတ်မှုများသည် ပြည်သူများကို သတ်ဖြတ်ခြင်းသာမက မျိုးဆက်များ စွာ တိုင် အောင် စွဲထင်ကျန်ရစ်မည့် စုပေါင်းစိတ်ဒဏ်ရာကို ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ရက်စက်ယုတ်မာလှသော လုပ်ရပ်များသည် စစ်ရာဇဝတ်မှုများ၏ အဆင့်ကိုပင် ကျော်လွန်၍ လူသား မျိုးနွယ်စုတစ်ရပ်လုံး၏ ယဉ်ကျေးမှုအနှစ်သာရအပေါ် ဆိုးရွားစွာ ထိပါး တိုက်ခိုက်မှုပင် ဖြစ်ပြီး အ ပြည် ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် ၎င်း၏ တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် ဤသို့သော ရက် စက်ကြမ်းကြုတ်လှသည့် ရာဇဝတ်မှုကျူးလွန် ထားသူများ အား နေရာပေးခြင်းဖြင့် တရားရုံးကိုယ် တိုင် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော နိုင်ငံတကာ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ အခြေခံမူများအပေါ် ထိခိုက်ပျက်စီး စေလာနိုင်မှုအန္တရာယ်ကို သုံးသပ် ဆင်ခြင်ရန် လိုအပ်နေ သည်ဟု ဆိုသည်။

 

လွန်စွာရက်စက်ယုတ်မာလှသော ရာဇဝတ်မှုကြီးများနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက် စစ်အုပ်စု၏ စနစ်တကျ ကျူးလွန် လျက်ရှိသော အကြမ်းဖက်လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်စေရန်အတွက် ထိရောက် ပြတ်သား သော အရေးယူဆောင်ရွက်မှုများ အလျင်အမြန် ပြုလုပ်ရန် မလွဲမသွေ တာဝန်ရှိကြောင်း၊ ထိုကဲ့သို့ သော ဆုံးဖြတ်ချက်များကို အားနည်းပျော့ပျောင်းစေခြင်း၊ ဗီတို အာဏာအသုံးပြုမည်ဟု ခြိမ်းခြောက် ထားခြင်း သို့မဟုတ် အခြားသော သံတမန်ရေးရာ လှည့်ကွက်များ မှတစ်ဆင့် ရာဇဝတ်မှုကျူးလွန် သူများအား အကာအကွယ်ပေးရန် ကြိုးပမ်း အားထုတ်မှု တစ်စုံတစ်ရာသည် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူ များနှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ စုပေါင်းတာဝန်ရှိမှုတို့ အပေါ် ဆိုးရွားစွာ ထိခိုက်ပျက်ပြား စေနိုင်ကြောင်း ကုလသမဂ္ဂဆိုင် ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

ထိုကဲ့သို့ သံတမန်ရေးရာ အတားအဆီးများဆောင်ရွက်ရန် တွေးတောနေသူများအနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ထပ်မံဖြစ်ပေါ်လာနိုင်သော ရက်စက်ကြမ်းကြုတ်မှုများကို တားဆီး ကာ ကွယ်ရန်နှင့် အခြေခံလူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတကာ အသိုက်အဝန်း ၏ စွမ်းဆောင်ရည်ကို မည်မျှ ယုတ်လျော့သွားစေနိုင်သည်ကို သေချာစဉ်းစား ချင့်ချိန် သင့်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *