ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ
D Day News
အောက်တိုဘာလ ၃၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက် ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူ ခရိုင်တပ်ရင်း ၄ ထံမှ သိရသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကာဘိုးရွာ စာသင်ကျောင်း၌ ကင်း ပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး G-3 သေနတ် ၁ လက်၊ ကာဘိုသေနတ် ၁ လက်နှင့် MA-1 သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ကာဘိုးရွာ စာသင်ကျောင်းထဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်တာပေါ့။ ဝင်ပစ်ပြီးတော့ လက်နက်တွေ သိမ်းဆည်းပြီး ပြန်လည် ဆုတ်ခွာခဲ့တာလို့ သိရတယ်။ G-3 ၁ လက်၊ ကာဘို ၁ လက်နဲ့ MA-1 ၁ လက် သိမ်းဆည်းရရှိခဲ့တယ်။ ဝင်ရောက်ပစ်ခတ်တာက နံနက် ၁၀ နာရီ ၃၀ မိနစ်လောက်က ဝင်ရောက် တိုက်ခိုက်တာ ၁၁ နာရီ ၃၀ မိနစ်လောက်မှာ အပြီးသတ် ဆုတ်ခွာနိုင် တယ်။ စစ်ခွေးတွေက ရွာထဲမရှိဘူး။ ဘေးရွာတွေကို စစ်ကြောင်းရောက်နေတဲ့အချိန် ဝင်ပစ်တာ” ဟု ကန့်ဘလူမြို့နယ် လှုပ်ရှားဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း (၄) နှင့် ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့တို့က ပူး ပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
D Day News