အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေမှုကြောင့် UK ၊ EU နှင့် ကနေဒါနိုင်ငံတို့က စစ်တပ်လက်ကိုင်တုတ် ကုမ္မဏီ ၅ ခုကို ဒဏ်ခတ်ပိတ်ဆို့
D Day News
အောက်တိုဘာလ ၃၀
အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေမှုကြောင့် UK ၊ EU နှင့် ကနေဒါနိုင်ငံတို့က စစ်တပ်လက်ကိုင်တုတ် ကုမ္မဏီ ၅ ခုကို ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း သိရ သည်။
ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ယူကေသည် မြန်မာစစ်တပ်အား လေကြောင်းလောင်စာဆီ နှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများကို ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ကြေငြာလိုက်ကြောင်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု များသည် အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရ ကြောင်း UK သံရုံးက ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် တာဝန်ခံမှု၊ တရားမျှတမှုရှိရန်နှင့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ယူကေအစိုးရက အီးယူနှင့် ကနေဒါ နိုင်ငံနှင့်အတူ ပူးတွဲတောင်းဆိုလိုက်ခြင်းဖြစ်ပြီး မြန်မာပြည်သူ ပြည်သားများနှင့် ၄င်းတို့ မျှော်မှန်းထားသည့် ငြိမ်းချမ်းသောဒီမိုကရေစီ အနာဂါတ်အတွက် ကျွန်ုပ်တို့ ကူညီထောက်ပံ့မှုများနဲ့အတူ အခိုင်အမာ ရပ်တည်ဆဲဖြစ်ကြောင်း အသိပေးထားသည်။
ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှ စ၍ ယူကေအစိုးရသည် အကြမ်းဖက်စစ်ကောင်စီ၏ ထောက် တိုင်များဖြစ်သော Asia Sun Group Company Limited ၊ Swan Energy Company Limited ၊ Myan-Oil Company Limited ၊ Rich Ray Trading Company Limited ၊ Progress Technology Support Company Limited (a.k.a Royal Shune Lei) တို့ကို ပိတ်ဆို့ အရေးယူလိုက်ကြောင်း ကြေညာထားသည်။
“နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာအခြေခံ အဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ။ ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီသို့ ပစ္စည်းကိရိယာများနဲ့ လေကြောင်းလောင်စာများ ဖြန့်ဖြူး ရောင်းချ နေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မ တို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာများနဲ့ အ ရင်း အမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။ ယခုချမှတ် လိုက်တဲ့ ပိတ်ဆို့ မှု များဟာ မြန်မာစစ်တပ်အပေါ် ဖိအားတိုးများစေမှာဖြစ်ပါတယ်။မြန်မာပြည်သူပြည် သားများနဲ့ ၄င်း တို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းသောဒီမိုကရေစီ အနာဂါတ်အတွက် ယူကေဟာ ကူညီထောက်ပံ့မှုများ နဲ့ အတူ အခိုင်အမာ ရပ်တည်ဆဲဖြစ်ပါတယ်။” ဟု အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West MP က ပြောကြားထားသည်။
D Day News