ကုလလုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင် ခြင်း ဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန်သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆို
D Day News
အောက်တိုဘာလ ၂၈
ကုလလုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင် ခြင်း ဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန်သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆိုလိုက်သည်။
အောက်တိုဘာလ ၂၅ ရက် နေ့က နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ လုံခြုံရေး ကောင်စီတွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အကြောင်းအရာအောက်၌ “ပြောင်းလဲလာ သည့် ပတ်ဝန်းကျင်တွင် အမျိုးသမီးများ ငြိမ်းချမ်းရေး တည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် တံခါးဖွင့် အစည်းအဝေးတွင် ၎င်းက ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ ကြီးမားသော ခုခံတော်လှန်မှုကို ဘက်ပေါင်းစုံမှ ရင်ဆိုင် နေရ သည်နှင့်အမျှ အရပ်သားပြည်သူများ နေထိုင်ရာ နေရာဒေသများ၊ နေရပ်စွန့်ခွာသူ စခန်းများပေါ်သို့ လေကြောင်းမှတဆင့် ဗုံးကျဲခြင်းကို ထပ်တိုး၍ စနစ်တကျနှင့် ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိသော ကြောင့် အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှု၊ အရပ်သားပြည်သူ အသက်သေကျေပျက်စီးမှုများနှင့် အခြေခံ အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စစ်အုပ်စုမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန် သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီ တပ်သားများအနေဖြင့် များပြားလှသော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ ကြောင်း၊ အမျိုးသမီးများ အပါအဝင် အရပ်သား များအား လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် နောက် ဆုံး ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
သတ်ဖြတ်ခံရသူများအနက် အချို့ မှာ စိတ်ပိုင်းဆိုင်ရာအရာ ချို့ယွင်း နေသူများဖြစ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ်ပိုင်းခြားခံထားရကြောင်း၊ အချို့၏ ဦးခေါင်းများ မှာ ခြံစည်းရိုးများအပေါ် တွင် ချိတ်ဆွဲခံထားရကြောင်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာ လည်း ပြန့်ကျဲနေကြောင်း၊ ဤဖြစ်စဉ်ကို ပြောကြားရသည်မှာပင် ထိတ်လန့် ဖွယ်ကောင်းကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
ထိုသို့သော စိန်ခေါ်မှုများ ပြည့်နှက်နေသည့် အခြေအနေ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှု ကြီးမား သည့် ပတ်ဝန်းကျင်၌ပင် ရဲစွမ်းသတ္တိပြည့်ဝသော မြန်မာ အမျိုးသမီးများနှင့် မိန်းကလေး ငယ် များက မိမိတို့မှ စစ်အာဏာရှင်အား အမြစ်ပြတ် တိုက်ထုတ်ရာတွင် မြေပြင်ရှိ တော်လှန်ရေး အင်အားစု အ သွင် ဖြင့်တဖန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ၊ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီး လူ့အခွင့် အရေး ကာကွယ်သူ များအဖြစ်လည်း ရှေ့တန်းမှ မားမားမတ်မတ် ပါဝင် လျက်ရှိကြောင်း၊ အချို့မှာ မြန်မာနိုင်ငံ အနာဂတ်အား ရေးဆွဲသည့် စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်လျက်ရှိကြောင်း အသိပေးထား သည်။
မြန်မာနိုင်ငံအရေးအား ဖြေရှင်းနိုင်ရန် အဓိကဇစ်မြစ်မှ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ် ကင်းလွတ်ခွင့် အစဉ်အလာတို့ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကျူးလွန်သူအားလုံးကို တာဝန်ခံမှု ရှိစေရေးက အထူး အရေးပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းအား ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရ မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကမ္ဘာကြီးအနေဖြင့် ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချ၍ ရာဇဝတ်မှုများ ဆက်လက်တိုးချဲ့မည်ကို လက်ပိုက်ကြည့်မနေသင့်ကြောင်း၊ ဤလုံခြုံရေး ကောင်စီအနေဖြင့် လည်း တုံ့ဆိုင်းနေမည့်အစား မြန်မာနိုင်ငံ အကျပ်အတည်းအား ချုပ်ငြိမ်းရန် ကောင်စီ၏ အလုံးစုံသော အခွင့်အာဏာနှင့် တာဝန်ဝတ္တရားတို့ကို အသုံးချကာ အရေးယူ ဆောင်ရွက်သင့်ပြီး နိုင်ငံတကာ အသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသပ်သပ် ပြောကြားနေမည့် အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန် သော သမိုင်းအမွေအနှစ် တစ်ခု ထုဆစ်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်လောင်းတောင်း ဆိုလိုက်သည်။
D Day News