မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁၀ တန်းကျောင်းသူတစ်ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီး
D Day News
အောက်တိုဘာလ ၂၄
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၁၀ တန်းကျောင်းသူတစ်ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီးနေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်းဒေသသတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်က မြောင်မြို့နယ်၊ ဇရပ်ကုန်း ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် အဖွားအို တစ်ဦးနှင့် အသက် ၁၅ နှစ်ဝန်းကျင်အရွယ် ၁၀ တန်း ကျောင်းသူတစ်ဦး တို့ပွဲချင်းပြီးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ်ကုသစဉ် ၄ ဦးထပ်မံ သေဆုံးခဲ့ ကြောင်း သိရသည်။
“၅ နာရီလောက်က ချတာက ရွာမြောက် ငါးမြှောင်တောင်ကုန်းနားမှာ ၂ လုံးချသွားတာက ထိခိုက်မှု မရှိပါဘူး။ နောက်တစ်စီးကနေ တောင်ကနေ ထိုးချကျဲသွားတဲ့ တစ်စီးက ထိခိုက်တာ။ ရွာပေါ်တန်း ကျ တာ၊ ဗုံးက ဘယ်လိုမှန်းမသိဘူး။လေပေါ်တင်ကွဲတဲ့ဗုံးတွေ။ စုစုပေါင်း ၆ ယောက်သေတယ်၊ ချချ ခြင်း တစ်ခါတည်းဆုံး တာက ၂ ယောက်၊ အဲဒီ ၂ ယောက်က ၁၀ တန်းကျောင်းသူ တစ်ယောက်ရယ်၊ အသက် ၈၀ အရွယ်တစ်ယောက်ရယ်။ သူတို့ကိုတော့ အခုညပဲ သင်္ဂြုလ် လိုက်ပြီ။၊ ကျန်တဲ့ သေဆုံး သူတွေကတော့ ၂၀ ကျော်၊ ၃၀ ကျော်အရွယ် လူငယ်တွေပဲ” ဟု CDSOM တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် နေအိမ် ၄ လုံး၊ ဓာတ်မီးတိုင်များလည်း ကျိုးကျပျက်စီးခဲ့သည့် အပြင် နွား ၂ ကောင်၊ သိုး ၈ ကောာင်နှင့် ဝက်တစ်ကောင် လည်း တစ်ခါတည်းသေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံ တက်ရောက်ကုသမှုခံယူ နေ ရသူ ၆ ဦးမှာ စိုးရိမ်းစရာမရှိတော့ကြောင်း သိရသည်။
D Day News