အကြမ်းဖက်စစ်အုပ်စု၏ ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားပြီးဖြစ်သည့်အတိုင်း အရပ်သား ပြည်သူများကို ပစ်မှတ်ထားလျက် ဘုတလင် မြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ခိုက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း နည်းဗျူဟာကို ကျင့်သုံးခြင်းဖြစ်ကြောင်း NUG ထုတ်ပြန်
D Day News
အောက်တိုဘာလ ၂၃
အကြမ်းဖက်စစ်အုပ်စု၏ ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားပြီးဖြစ်သည့်အတိုင်း အရပ်သား ပြည်သူများကို ပစ်မှတ်ထားလျက် ဘုတလင် မြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ခိုက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း နည်းဗျူဟာကို ကျင့်သုံးခြင်းဖြစ်ကြောင်း NUG အစိုးရ ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာ အနီး တိုက်ပွဲတခု တွင် အကြမ်းဖက်စစ်အုပ်စု၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကြောင်း သည် တော်လှန်ရေး တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ကြီးမားသည့် အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ ကြရကြောင်း သိရသည်။
ထို့ကြောင့် အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ ယခင်ကျင့်သုံးလေ့ရှိသည့် နည်းဗျူဟာများအတိုင်း အနီး ပတ်ဝန်းကျင်မှ ကျေးရွာ များကို ဝင်ရောက်စီးနင်း၍ အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်း၊ အရပ်သား အိုးအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း၊ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း များကို ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ (၁၁) ရက်နေ့မှ (၂၀ ) ရက်နေ့အတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ အင် အား (၁၀၀) ကျော် ပါဝင်သော စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက် (၁၇) ခုကို ဝင်ရောက် စီးနင်း၊ မီးရှို့၊ သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ အတွင်း အရပ် သား ပြည်သူ (၂၄) ဦးထက်မနည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ သတ်ဖြတ်ခံရသူများ တွင် ကလေးငယ် (၃) ဦး၊ အမျိုးသမီး (၃) ဦးနှင့် သက်ကြီးရွယ်အို (၁) ဦးတို့ ပါဝင်ကြောင်း သိရ သည်။
ထင်ရှားသည့် သတ်ဖြတ်မှု ဖြစ်စဉ်မှာ အောက်တိုဘာလ (၁၇) ရက်နေ့၊ စီပါကျေးရွာတွင် အရပ်သား ပြည်သူ (၆) ဦးကို သတ်ဖြတ်မှုဖြစ်ပြီး ခန္ဓာကိုယ်များကို အစိတ်စိတ်ပိုင်းဖြတ်လျက် အစိတ်အပိုင်း များကို နေအိမ်ခြံစည်းရုံးတွင် ချိတ်ဆွဲထား ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အရပ်သားပြည်သူ (၆၀) ထက်မနည်းကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးလျက် စစ်ကြောင်းတလျောက် ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်အုပ်စုသည် မြေပြင်တပ်ဖွဲ့များ၏ လူမဆန်သည့် သတ်ဖြတ်မှုများ အားဖြည့်ရန် အတွက် ကျေးရွာ (၅) ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုသည် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့က ရှမ်းပြည်၊ တောင်ကြီးမြို့၌ ၎င်း၏ လက်အောက်ခံ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် “သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင် ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ (တော်လှန်ရေး အင်အားစုများ) အဓမ္မဝင်ရောက်နေထိုင်လျက်ရှိ သည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေ ရေးတို့အတွက် သတိပြုကြရန်” သတိပေးခဲ့ပြီးနောက် အရပ်သား ပြည်သူများအပေါ် ပိုမိုအတင့်ရဲစွာ ပေါ်ပေါ်ထင်ထင် အကြမ်းဖက်လာခဲ့ခြင်းလည်း ဖြစ်ကြောင်း NUG အစိုးရက ထောက်ပြထားသည်။
လက်နက်ကိုင် ထိတွေ့တိုက်ပွဲများအတွင်း ဆုံးရှုံးမှုများအတွက် လက်စားချေသည့် အနေဖြင့် အရပ် သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လူမျိုးအသီးသီး၏ လက်နက်ကိုင် တော်လှန် ရေး အင်အားစုများအပေါ် လက်စားချေရန်အတွက် နှစ်ပေါင်းများစွာ အကြမ်းဖက် စစ်အုပ်စုက ကျင့် သုံးခဲ့သော နည်းဗျူဟာတရပ်ဖြစ်ပြီး ယခင်ကတည်းကပင် နိုင်ငံ အနှံ့အပြားမှ ဖြစ်စဉ်များတွင် မှတ် တမ်းတင်ထားပြီးဖြစ်သည်ဟု ဆိုသည်။
အကြမ်းဖက်စစ်အုပ်စု၏ ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားပြီးဖြစ်သည့်အတိုင်း အရပ်သား ပြည်သူများကို ပစ်မှတ်ထားလျက် ဘုတလင် မြို့နယ်အတွင်းရှိ ကျေးရွာများကို ထိုသို့ တိုက်ခိုက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများသည် နည်းဗျူဟာကို ကျင့်သုံးခြင်းသာဖြစ် ကြောင်း NUG အစိုးရ ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထောက်ပြထားသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက် ခွင့်ပြုနေမည်ဆိုပါက ထိုမျှ ဆိုးရွားယုတ်မာသော စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အယူ ဝါဒ ကိုင်ဆွဲထားသော ယန္တရားတရပ်သည် ဆက်လက်သက်ဆိုးရှည်ယုံမျှမက၊ ပိုမိုအတင့်ရဲ လာမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်း၏ ဆိုးရွားသည့် ကျူးလွန်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဦးတည် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တောင်းဆိုထားသည်။
D Day News