မောင်တော၊ အမ်း၊ ကျိန္တလီမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် မြို့ရွာများကိုပါ လေကြောင်း၊ လက်နက်ကြီး ဖြင့် နေ့စဉ်နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေ
D Day News
အောက်တိုဘာလ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမ်းမြို့နယ်နှင့် ကျိန္တလီမြို့ပတ်ဝန်းကျင်တို့တွင် တိုက်ပွဲဖြစ်ပွား လျက်ရှိပြီး အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်သည်။
အာရက္ခဒေသအတွင်း၌ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ တိုက်ပွဲများ မှာ မောင်တော၊ အမ်း၊ ကျိန္တလီမြို့ ပတ်ဝန်းကျင်များတွင် နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိနေသကဲ့သို့ တောင်ကုတ်မြို့ပတ်ဝန်းကျင်၌လည်း တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စစ်တွေမြို့ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများမှနေ၍ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့များဘက်ကို ပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ ကျိန္တလီ၊ ကမ်းသာယာမြို့များမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများကို သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ မြို့၊ ရွာများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပင်လယ်ပြင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်သင်္ဘောကြီးများ ပေါ်မှ လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ကို နေ့တိုင်းပြုလုပ်လျက်ရှိပြီး ထိုသို့ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုတို့မှာ နေ့တိုင်းဖြစ်ပျက်လျက်ရှိကြောင်း သိရသည်။
D Day News