ကဗျာ ကဏ္ဍ “နှောင်းနောင်တ”
ပျိုးကြဲလက်
အဘအဘ ၊ သမ္မတလည်း
မဟုတ်မဟတ် ၊ အာဏာငတ်တို့
အမြတ်မျှော်ကိုး ၊ လက်သိပ်ထိုး၍
ခိုးဆိုးညာချ ၊ သူ့ဘဝသည်
ဖြစ်ရရှာငြား ၊ ငတတ်ပြားဟု
ရေခြားမြေခြား ၊ တိုင်းတပါးထိ
ကျော်ကြားပါဘိ ၊ ကျော်ကြား၏ ။
အဘအဘ ၊ ဥက္ကဌလည်း
မကြာခဏ ၊ တိုက်ပွဲကျသည့်
တပည့်လူရှော် ၊ နောက်လိုက်ပျော်သို့
ဖိတ်ခေါ်အမျှ ၊ ပေးဝေငှလျှင်
ရောင်းရရှာငြား ၊ မုန့်ဟင်းခါးက
ရေခြားမြေခြား ၊ တိုင်းတပါးထိ
ကျောက်ကြားပါဘိ ၊ ကျော်ကြား၏ ။
အဘလူရှုပ် ၊ ဝန်ကြီးချုပ်လည်း
ဝန်ထုပ်မနိုင် ၊ သံလက်ကိုင်၍
ကိုယ်ပိုင်ဘုရား ၊ သူတည်ထားလျှက်
ချေငြားယတြာ ၊ ကံမြှင့်ခါမှ
ရာရာစစ ၊ ပန်းရံဆရာ
အမည်ကျော်ကြား ၊ ရရှိငြားက
ရေခြားမြေခြား ၊ တိုင်းတပါးထိ
ကျော်ကြားပါဘိ ၊ ကျော်ကြား၏ ။
အဘကာချုပ် ၊ ရဲမက်အုပ်မှ
သေးနုပ်ဖယ်ခွါ ၊ ဒါယကာနှင့်
ထည်ဝါဂုဏ်ဟည်း ၊ ထောက်ပို့ကြီးဟု
အသည်းအသန် ၊ ဘေးတီးပြန်၍
ဧကန်ကျော်ကြား ၊ သူ့ဂုဏ်ထွားက
ရေခြားမြေခြား ၊ တိုင်းတပါးထိ
ကျော်ကြားပါဘိ ၊ ကျော်ကြား၏ ။
လောကအရာ ၊ ဓမ္မတာ၌
အရာမဟုတ် ၊ လုံ့လထုတ်ကာ
မဆုတ်မနစ် ၊ ရယူလှစ်က
မဖြစ်ချင်ရာ ၊ အပိုပါလျှက်
လိုရာမရ ၊ သိက္ခာကျ၍
ဗာလလူညစ် ၊ သမိုင်းသစ်တွင်
နစ်မျောရလိမ့်မည်တကား ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီ ၁၆ မိနစ်
Photo – ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းဆည်းရရှိသော ကျောက်စိမ်းတုံးများ၊ မူးယစ် ဆေးဝါးများနှင့်လက်နက်ခဲယမ်းများ
D Day News