သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေ ဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ၈ ဦးဒဏ်ရာရ၊ နေအိမ်အလုံး ၂၀ ကျော်နှင့်ကား၊ ဆိုင်ကယ်များ ပျက်စီး
D Day News
အောက်တိုဘာလ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး ဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် အလုံး ၂၀ ကျော်နှင့် ကား၊ဆိုင်ကယ်များ ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၅ ရက် ည ၈ နာရီ မိနစ် ၃၀ အချိန်ကမှ ၁၀ နာရီအချိန်အထိ တအာင်း ပြည်၊ တပ်မဟာ ၂ နယ်မြေ သီပေါမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး အသုံးပြုပြီး ဇာတ်စုရပ်ကွက် ရဲစခန်းအနီးတွင် ၂ လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်တွင် ၁ လုံး နှင့် တောင်မြို့ရပ်ကွက် လယ်ကွက်အနီးတွင် ၁ လုံး ကြဲချခဲ့ရာ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ဗုံးကွဲမှုကြောင့် စံပြမုန့်ဆိုင်တွင် ညအိပ်စောင့်နေသည့် ကိုနိုင်သိန်း အသက် (၅၁) နှစ် အရွယ် ကိုနိုင်သိန်း ဆိုသူ သေဆုံးခဲ့ပြီး သီပေါရဲစခန်းရှိ အချုပ်ခန်းထဲ၌ အကျဥ်းကျနေသူ ကိုရဲနှင့် ကိုဖိုးချို တို့တွင် ဒူး၊ လည်ပင်းနှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း၊ ထို့အပြင် စံပြ မုန့်ဆိုင်၏ နှစ်ထပ်တိုက်ဆိုင်ခန်းလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၅ ရက် ည ၉ နာရီ မိနစ် ၅၀ အချိန်တွင်လည်း နမ့်လန်၌ အခြေစိုက် ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး ၂ ကြိမ်ပစ်ခတ် တိုက် ခိုက်ခဲ့ရာ လွယ်ကျိုင်းကျေးရွာနှင့် အေရှာဝေါတိုးဂိတ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လွယ်ကျိုင်း ကျေးရွာရှိ မနန်းဆိုင်နွန်းနှင့် ၎င်း၏ (၁၀)လသားအရွယ်နှင့် (၄)နှစ်အရွယ် ကလေးငယ်(၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဦးတင်ဝင်း၊ ဦးသိန်းထွန်း၊ ဦးစိုးမြင့်တို အမျိုးသား(၃)ဦးလည်း နဖူး၊ ဒူး၊ လက်၊ ရင်ဘတ်၊ မျက်စိနှင့်နောက်ကျောတို့တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထိုအပြင် ဒေသနေ မိဘပြည်သူများ၏နေအိမ် အလုံး(၂၀)ကျော်နှင့် အိမ်စီးကားများ ဆိုင်ကယ်ယာဥ် များနှင့် နေ အိမ်အတွင်းရှိပစ္စည်းများလည်း ထိခိုက်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
D Day News