ခလယ်လွီထူခရိုင်အတွင်းရှိ မြို့နယ် ၃ ခုတွင် ကျေးရွာ ၂၈၉ ရွာ ရေနစ်မြှုပ်ပြီး ပြည်သူ ၁ သိန်း ၆ သောင်းကျော် ရေဘေးဒဏ်ခံစားရပြီး ပြည်သူ ၂ ဦးသေဆုံး
D Day News
စက်တင်ဘာလ ၂၂
ပဲခူးတိုင်း၊ ညောင်လေးပင်ပင်(ခလယ်လွီထူ)ခရိုင် အတွင်းရှိ မြို့နယ် ၃ ခုတွင် ကျေးရွာ ၂၈၉ ရွာ ရေနစ်မြုပ်ပြီး ပြည်သူ ၁ သိန်း ၆ သောင်းကျော် ရေဘေးဒဏ်ခံစားနေရပြီး ပြည်သူ ၂ ဦး သေဆုံး ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၀ ရက်နေ့မှ စ၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ (၃) ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်း၌ ယနေ့အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်း နေပြီး မြန်မာပြည် အထက်ပိုင်းမှ ရေတာတမံများကျိုးခြင်း တို့ကြောင့် လယ်ဒိုမြို့ နယ်၊မူးမြို့နယ်နှင့် ဆောထိမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၈၉ ရွာ၊ အိမ်ခြေ-(၃၂,၂၄၆) လုံး၊ လူဦးရေ-(၁၆၈,၄၂၇) ဦး၊ သဘာဝဘေးအန္တရာယ်ဒဏ်ကို ခါးသီးစွာခံစားရနေရကာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် လအတွင်းကလည်း မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအတွင်း ရေကြီး ရေ လျှံမှုများ ဖြစ်ပေါ်လျက် စပါးများရေလွှမ်းကာ ပျက်စီးခြင်းနှင့်ကျန်ရှိနေသောစပါးပင်များ ပိုးကျခြင်း များ ရင်ဆိုင် ကြုံတွေ့ ခဲ့ရသည်ဟု ဆိုသည်။
ယခုဒုတိယအကြိမ်ရေကြီးရေလျှံမှုများနှင့်ဆည်တာတမံများကျိုးပျက်ခြင်းတို့ကြောင့် နယ်မြေ(၃)ခု အတွင်းရှိ ကျေးရွာများမှ ကျန်ရှိသောစပါးပင်များရေ ထပ်မံလွှမ်းမိုးကာကျေးရွာအတွင်း ရှိနေထိုင် သော ပြည်သူလူထုများ၊ စစ်ဘေးရှောင်ပြည်သူများ ၊ တိရစ္ဆာန်များအတွက် နေရာအခက်အခဲနှင့် စားဝတ်နေရေးအခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။
ထိုကဲ့သို့အခက်အခဲကြုံတွေ့နေရသော ကျေးရွာ များအား ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီနှင့်အဖွဲ့သားများမှ လှေများဖြင့် အမြင့်ပိုင်း နေရာများသို့ပို့ဆောင်ခြင်း၊ အရေးပေါ် အကူ အညီများထောက်ပံပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း လုံလောက်မှုမရှိပဲ အရေးပေါ်အကူအညီများ နှင့် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း KNU ဗဟိုက အသိပေးထုတ်ပြန်ထားသည်။
Photo – ခလယ်လွီထူခရိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ပြည်သူများဒုက္ခရောက်နေမှုများ။
D Day News