NUG News

0 0
Read Time:7 Minute, 16 Second

မန္တလေး၊ ရှမ်း၊ ကရင်နီနှင့် ပဲခူးတိုင်းတိုင်းတို့တွင် ရေကြီးမှု ပြည်သူထောင်ချီ၍ သေဆုံး၊ ပျောက်ဆုံး နေဆဲဖြစ်ပြီး လူဦးရေ ၇ သိန်းခန့် ထိခိုက်ခံစားရဟု NUG ၊ KNU ၊ KNPP နှင့် CNF တို့ ပူးတွဲ ထုတ် ပြန်

 

D Day News

စက်တင်ဘာလ ၁၇

 

တောင်တရုတ်ပင်လယ်၌ စတင်ခဲ့သော ရာဂီမုန်တိုင်းကြောင့် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး မန္တလေး၊ ရှမ်း၊ ကရင်နီနှင့် ပဲခူးတိုင်းတို့ရှိ ပြည်သူ ထောင်ချီသေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ပြီး လူဦးရေ ၇ သိန်းခန့် ထိခိုက်ခံခဲ့စားရကြောင်း NUG ၊ KNU ၊ KNPP နှင့် CNF တို့ ပူးတွဲ ထုတ်ပြန်ထားသည်။

 

စက်တင်ဘာလအစောပိုင်းတွင် တောင်တရုတ်ပင်လယ်၌ စတင်ဖြစ်ပေါ်ခဲ့သည့် အင်အား အလွန် ကြီးမားသည့် တိုင်ဖွန်းမုန်တိုင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာ နိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံ့အပြား မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

၃ ရက်ခန့်မိုးကြီးခြင်းနှင့် ဆည်များ၏ ရေပိုလွှဲများမှ ရေထုတ်လွှတ်ခြင်းတို့ကြောင့် မန္တလေးတိုင်း၊ ရှမ်း ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ သေဆုံး၊ ပျောက် ဆုံး နေဆဲဖြစ်ပြီး ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ (၇) သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်းထား ကြောင်း၊ လူနေအိမ်များပြိုကျ ပျက်စီးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေးတိရိစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ကြောင်း NUG၊ KNU ၊ KNPP ၊ CNF တို့ ပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။

ထို့ကဲ့သို့ ထိခိုက်ပျက်စီးမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးလုပ်ငန်းများအား ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မုန်တိုင်း၏အရှိန်နှင့် ရေဘေးအန္တရာယ်၏ ကြီးမားပြင်းထန်မှုကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံး ကုန်ပစ္စည်းများနှင့် အမိုးအကာများထောက်ပံ့ပေးခြင်း လုပ်ငန်းများအပြင် ကျန်းမာရေး စောင့် ရှောက်မှုနှင့် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူရေး စသည်တို့ ပြန်လည်ထူထောင်ရေး နှင့် ပျက်စီးသွားသည့်နေအိမ်နှင့် အခြေခံအဆောက်အအုံများ ပြန်လည် တည်ဆောက်ရေးတို့အတွက် အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများအနေဖြင့် –

 

(က) အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီ များကို ရေဘေးသင့်ပြည်သူများအား အညီအမျှရရှိစေရန် ဆောင်ရွက်ပေးခြင်း၊

 

(ခ) အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးရှိ လူသားစာနာဝန်ကြီးဌာန တာဝန်ခံများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်း များသို့ တိုက်ရိုက်ပံ့ပိုးပေး ခြင်း၊

 

(ဂ) နိုင်ငံတကာကပေးအပ်သည့် လူသားစာနာမှုအကူအညီများကို နိုင်ငံရေးနှင့် စစ်ရေး တို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ခြင်း၊

 

(ဃ) ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသာမက ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကိုပါ ရေတိုရေရှည် ပံ့ပိုးကူညီခြင်း၊

 

(င) တကမ္ဘာလုံးအတိုင်းအတာနှင့် ရန်ပုံငွေ ကန့်သတ်ချက်များရှိသော်လည်း စစ်ဘေးနှင့် သဘာဝ ဘေးကို တပြိုင်နက်ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာလှူဒါန်းမှုများ ရရှိစေရန် တိုက်တွန်းနှိုးဆော်ပေးခြင်း၊

 

(စ) ရေဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းမှုများအား ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလုပ် ဆောင်ခြင်း၊

 

(ဆ) လူသားချင်းစာနာမှုဦးစားပေး (Humanitarian Imperative) အခြေခံမူကို လက်ကိုင် ထား၍ ထိခိုက်လွယ်အုပ်စုများ၏ လိုအပ်ချက်များကိုပါ ထည့်သွင်း ကူညီပံ့ပိုးကူညီခြင်း၊

 

(ဇ) အကူအညီများ အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်စီမံခန့်ခွဲပေးခြင်း နှင့် စနစ်တကျ စောင့် ကြည့်ကွပ်ကဲခြင်း။

 

တို့လုပ်ဆောင်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

 

NUG၊ KNU ၊ KNPP နှင့် CNF တို့အနေဖြင့် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းသက်ရောက်မှု၏ နောက် ဆက် တွဲ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ထိခိုက်ခံစားရသည့် တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် တ သားထဲ ရပ်တည်လျက်ရှိပြီး ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ထပ်တူ စာနာကြောင်း၊ ထို့အပြင် ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေ ကြသည့် လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲ အသိ အမှတ် ပြု ကျေးဇူးတင် ရှိပါကြောင်း ဆက်လက်ပြောဆိုထားသည်။

 

ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက်ကိုလည်း မိမိတို့အဖွဲ့အစည်း အားလုံး က ကျောချင်းကပ်၊ ရင်ချင်းအပ်လျက် အတူအကွ ပူးပေါင်းလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *