ထီးလင်းမြို့နယ်၊ ရေမျက်နီရွာစခန်းသို့ ရိက္ခာပို့သွားသည့် စစ်ကြောင်းမှ ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး ၃ ဦးကို ပစ်ခတ်သတ်ဖြတ်၊ တစ်ဦးထွက်ပြေးလွတ်မြောက်၊ လမ်းတွင်ဖြတ်တိုက်ခံရမှုကြောင့် စစ်သား ၂ ဦးသေဆုံး
D Day News
စက်တင်ဘာလ ၃
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာသို့ ရိက္ခာပို့သွားသည့် စစ်ကြောင်းက ပြည်သူ ၄ ဦး ဖမ်းဆီးပြီး ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း ယောအလင်းတန်းထံမှ သိရသည်။
ဩဂုတ်လ ၁၈ ရက်နေ့က ထီးလင်းမြို့၊ ရွှေထီးခန်းမ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ သည် ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာစခန်းသို့ အင်အား ၈၃ ဦးဖြင့် ခဲယမ်း၊ ရိက္ခာပို့ရန် ထွက်ခွာ လာခဲ့ပြီး လမ်းတွင် ဖြတ်တိုက်ခံရမှုကြောင့် တပ်ကြပ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ဩဂုတ် လ ၃၀ ရက်နေ့က ရေမျက်နီကျေးရွာမှ ပြန်လည်လာခဲ့ရာ ယမန်နေ့ စက်တင် ဘာလ ၂ ရက် ညနေ ၅ နာရီခန့်က ထီးလင်းမြို့နယ်၊ ပါးမျဉ်းရွာ မြောက်ဘက်နေရာ အရောက် ဒေသနေတော်လှန်ရေး တပ် ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဩဂုတ်လ ၁၈ ရက်နေ့က ရေမျက်နီစခန်းကို ကျည်ဆံတွေသွားပို့ရတာ၊ အလာတုန်းကတော့ ၈၃ ယောက်ပဲ၊ ကြားထဲမှာ ထိတွေ့တိုက်ပွဲခဏဖြစ်လိုက်သေးတယ်။ အဲဒီမှာတပ်ကြပ်တစ်ဦးသေလို့ ၈၂ ယောက်ပဲ ကျန်တာ၊ အဲဒီရေမျက်နီကနေ ဩဂုတ်လ ၃၀ ရက်နေ့က ပြန်ဆုတ်လာခဲ့တာ။ အလာတုန်း ကတော့ အနောက်ဘက်လမ်းပေါ့၊ ဒေသအခေါ်အနောက်လမ်းကလာတာ။ အပြန်ကျတော့ ပုံညာ ဘက်ကို ပတ်တက်ပြီး အရှေ့ဘက်လမ်းကနေ ပြန်ခဲ့တာ။ အဲဒီမှာလမ်းမှာတွေ့တဲ့ဟာကို ဖမ်းတာ။ လျှော်ဖြူပင် ရွာသား ၈ ယောက်ကတော့ ၈ ယောက်စလုံးပြန်လွတ်လာပြီ။မနေ့ကဖမ်းတဲ့ ၄ ယောက် ထဲမှာ ၃ ယောက်ကိုရှင်းလိုက်တာ၊ တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်တာ။ မနေ့က ည နေ ၅ နာရီလောက်မှာ တိုက်ပွဲထပ်ဖြစ်သေးတယ်။ ကြားဖြတ်တိုက်တာ။ သူတို့ ၃ ဦးထိ တာ၊ တစ်ဦး က ပွဲချင်းပြီးလို့ပြောလို့ရတယ်။ သေတယ်။ အလောင်းကို ပြန်သယ်လာတယ်။ ထမ်းလာတယ်။ ၂ ဦး ကလည်း သေတော့မသေသေးဘူး။ သေဖို့ အခြေအနေများတယ်လို့ ပြောတယ်။ အခုတော့ မသေ သေးဘူး” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ပြောကြားသည်။
စစ်ကြောင်းပြန်ဆုတ်ရာလမ်းကြောင်း၌ တွေ့ရှိသည့် ပြည်သူ ၄ ဦးကို ဖမ်းဆီးလာရာ တစ်ဦး ထွက် ပြေးလွတ်မြောက်ခဲ့ပြီး ကျန် ၃ ဦးကို ယမန်နေ့ စက်တင်ဘာလ ၂ ရက် ည ၉ နာရီခန့်က ထီးလင်းမြို့ အဝင်အနီး၌ ပစ်ခတ်သတ်ဖြတ်ကာ အလောင်းကို စွန့်ပစ်ထားခဲ့ကြောင်း၊ ယနေ့ စက်တင်ဘာလ ၃ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထီးလင်းမြို့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းက ထီးလင်းမြို့နယ်၊လျှော်ဖြူပင်ရွာနေ ပြည်သူ ၈ ဦးကိုလည်း လမ်းခရီး၌ ဓားစာခံဖမ်းဆီးခဲ့ပြီး ၎င်းတို့ ၈ ဦးကို ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
D Day News