ကဗျာ ကဏ္ဍ “ဗမာပြည်”
ပျိုးကြဲလက်
ဗြဟ္မာ့ပုတ္တရ ၊ သတ်မှတ်ကြသည်
သရောခါက ၊ အိန္ဒိယနှင့်
ဗြဟ္မာ့ပြည်အား ၊ နယ်မြေခြား၍
စည်းသားခွေရစ် ၊ နယ်ခြားမြစ်တည့် ။
ရှေးအခါက ၊ အိန္ဒိယတို့
ခေါ်ကြရေးကြ ၊ မှတ်သားကြသည့်
ဗြဟ္မာ့ဒေ့ရှ်သည် ၊ ငါတို့ပြည်တည့် ။
ဒေ့ရှ်ဟူသည်က ၊ အိန္ဒိယတို့
စကားအလာ ၊ ဒေသသာတည့် ။
ဗြဟ္မာ့ပြည်အား ၊ တိုင်းရင်းသားနှင့်
ကုလားတရုတ် ၊ လုံ့လထုတ်လျှက်
ကြိုးကုတ်ဇွဲသန် ၊ နိုင်ငံ့ရန်ကို
တွန်းလှန်ဖြိုပြီ ၊ နိုင်ငံတည်၍
တူညီမော်ကြွား ၊ နိုင်ငံ့သားတည့် ။
အင်္ဂလိပ်စစ် ၊ ကျူးကျော်လှစ်၍
ခေါ်ရစ်ကြရာ ၊ ပြည်ဗြဟ္မာကို
ကြည်သာပြတ်ပြတ် ၊ မခေါ်တတ်၍
သတ်မှတ်ကြသည် ၊ ဗားမားပြည်နှင့်
ပြည်သူဆိုငြား ၊ ဘားမိဟူဘိ
သူခေါ်၏ ။
ဗားမားပြည်အား ၊ နိုင်ငံသားတို့
ကြိုးစားခေါ်သည် ၊ ဗမာပြည် ။
ထိုနည်းတူစွ ၊ တရုတ်ကလျှင်
ချိနဟုပင် ၊ ခေါ်စေချင်လည်း
အရှင်အင်္ဂလိပ် ၊ လျှာခွေလိပ်၍
ခပ်နှိပ်ကျော်ကြား ၊ ပြည်ချိုင်းနားဟု
မှတ်သားထင်ထင် ၊ ကမ္ဘာတွင်၏ ။
မာလာဒီပ ၊ နိုင်ငံမှပင်
အင်္ဂလိပ်လျှာ ၊ ခွေလိပ်လာ၍
ခေါ်ရာမဆိုက် ၊ မော်လဒိုက်တည့် ။
နိုင်ငံ့သညာ ၊ ခေါ်ကြရာဝယ်
ဗမာပြည်အား ၊ တရုတ်များက
မှတ်သားစွဲထင့် ၊ ပြည်မြင်တင့်တည့် ။
သိရိလင်္ကာ ၊ ဘုရုမာတည့်
တခါဂျပန် ၊ သူ့လေသံက
အမှန်ထွက်လာ ၊ ဘီရုမာနှင့်
ဂျာမနီကား ၊ ပြည်ဘောမားတည့် ။
စစ်ကျွန်ခေတ်မှာ ၊ ချွတ်ချော်လာ၍
ဗမာလူမျိုး ၊ ကမ္ပည်းထိုးလျှက်
ပြည်ရိုးမြန်မာ ၊ သတ်မှတ်ရာမှ
မြန်မာဗမာ ၊ ရှုပ်ထွေးလာ၏ ။
နိုင်ငံဗမာ ၊ မှတ်သားရာ၌
သေချာခေါ်ငြား ၊ နိုင်ငံသားကို
ဘားမိဟူသည့် ၊ စာပေရှိ၏ ။
နိုင်ငံမြန်မာ ၊ ပြောင်းလဲရာတွင်
စာမှာပိုင်းခြား ၊ နိုင်ငံသားကို
ခေါ်ငြားအတိ ၊ ရွှေမြန်မိလည်း
မရှိပါဘဲ ၊ မှတ်ကြဆဲတည့် ။
နိုင်ငံ့မည်မှန် ၊ အရင်းခံ၍
မမှန်လူမျိုး ၊ ကမ္ပည်းထိုးလျှက်
ဆိုးဆိုးမိုက်မိုက် ၊ မမှားလိုက်နှင့်
တိုက်ခိုက်ပြည်ခိုး ၊ နယ်ချဲ့မျိုးနှင့်
ဆိုးမိုက်စုံလင် ၊ အာဏာရှင်ကို
စိတ်တွင်မှတ်ဘိ ၊ သမိုင်းညှိ၍
အရှိအတိုင်းမြင်ပါလေ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် ညနေ ၅ နာရီ ၂၇ မိနစ်
D Day News