ရေစကြိုမြို့နယ်၊ ရပ်သာကျွန်း၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးအပြင်းအထန် ဒဏ်ရာရ (ရုပ်သံ)
D Day News
ဩဂုတ်လ ၁၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရပ်သာကျွန်းထဲ၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုပကဖထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၅ ရက် ညနေ ၄ နာရီခန့်က ရေစကြိုမြို့နယ်အတွင်း လှည့်လည်နေသော စစ် ကြောင်းသည် ရပ်သာကျေးရွာဘက်မှ ရပ်သာကျွန်းဘက်သို့ ကူးလာစဉ် လယ်ကွင်းပြင်အတွင်း၌ ရေစကြို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ရေစကြိုထဲမှာ လည့်နေတဲ့စစ်ကြောင်းပဲ၊ တမြန်တနေ့ကကျတော့ ဟင်္သာရွာဘက်ကနေ ထွက်တဲ့ စစ်ကြောင်း၊ မနေ့က ညနေကတော့ ရပ်သာရွာမကနေ ရပ်သာကျွန်းဘက်ကို ကူးတာပေါ့၊ အဲဒီစစ် ကြောင်းနဲ့ကတော့ ကျနော်တို့နဲ့ ၃ ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးပြီ။ ထိခိုက်ဒဏ်ရာရတဲ့ ၄ ဦးက သေ မသေအတည်မပြုနိုင်ဘူး။ လယ်ကွင်းပြင်ကြီးထဲ သူလည်းကိုယ့်မြင်ရ၊ ကိုယ်လည်း သူ့မြင်ရ ဆိုတော့ ဆွဲခေါ်သွားတာတော့မြင်ရတယ်။ အဲဒီက လယ်ကန်ဆင်းရိုးလောက်ပဲရှိတာ။ ရွှံတွေဗွံ့တွေထဲ တိုက်ခဲ့ ရတာ။ အဲဒီစစ်ကြောင်းက ဒီနေ့တော့ ပခုက္ကူမြို့နယ်ဘက်ကို ဝင်သွားပြီ။ ရေစကြိုထဲမှာတော့ မရှိ တော့ ဘူးလို့ပြောလို့ရတယ်” ဟု ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာအား နယ်မြေရှင်းလင်းစဉ် G3 ကျည်အချို့ နှင့် ကာဘိုင်ကျည်အ ချို့သိမ်းဆည်းရရှိခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာလည်း ရပ်သာကျွန်းဘက်သို့ ဆက် လက် ထွက်ခွာသွားကြောင်း သိရသည်။
D Day News