မြန်မာစစ်လက်နက်ပွဲစား MCM ၏ အမည်ခံကုမ္ပဏီအသစ် မှတဆင့် Sinotruk မော်တော်ယာဥ်များ တင်သွင်းမှုကို တွေ့ရှိရကြောင်း Justic For Myanmar ထုတ်ဖော်
D Day News
ဇွန်လ ၂၅
မြန်မာစစ်လက်နက်ပွဲစား MCM ၏ အမည်ခံကုမ္ပဏီအသစ် မှတဆင့် Sinotruk မော်တော်ယာဥ်များ တင်သွင်းမှုကို တွေ့ရှိရကြောင်း Justic For Myanmar ထုတ်ဖော်ထားသည်။
Sinotruk သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက မြန်မာကုမ္ပဏီ တစ်ခု ဖြစ်သည့် Golden Mega Power Co., Ltd. သို့ ထရပ်ကားနှစ်စီး တင်ပို့ခဲ့ကြောင်း ကုန်သွယ်မှု ဒေတာ က ဖော်ပြသည်။
Golden Mega Power ကို ဆန်းအောင်က ထိန်းချုပ်ထားပြီး ၎င်းသည် Myanmar Amethyst Trading Co., Ltd ၏ ဒါရိုက်တာတစ်ဦးလည်းဖြစ်ကြောင်း၊ Myanmar Amethyst ၏ မိခင်ကုမ္ပဏီ Myanmar Chemical and Machinery (MCM) သည် နာမည်ဆိုးဖြင့်ကျော်ကြားသော မြန်မာ စစ်လက်နက်ပွဲစားကုမ္ပဏီဖြစ်ကြောင်း သိရသည်။
MCM ကို ကနေဒါ၊ အမေရိကန်နှင့်ယူကေတို့က ပိတ်ဆို့အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားပြီး MCM ဥက္ကဋ္ဌ အောင်လှိုင်ဦးကိုလည်း EU က ဒဏ်ခတ်အရေးယူထားကြောင်း၊ ယူကေ၏ ဒဏ်ခတ် ပိတ်ဆို့မှု တွင် MCM ကို “စစ်အုပ်စု၏ စစ်လက်နက်နှင့် စီးပွားဖြစ်ပံ့ပိုးသူ အဓိကအရင်းအမြစ်တစ်ခု” အဖြစ် ဖော် ပြခဲ့ကြောင်း၊ MCM သည် ယခင်က မြန်မာနိုင်ငံရှိ Sinotruk အတွက်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sinotruk အစုရှယ်ယာရှင် TRATON GROUP မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် Sinotruk သည် MCM သို့ ရောင်းချမှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ပြောကြားခဲ့သော်လည်း Golden Mega Power သို့ တင်ပို့ရောင်းချမှုသည် မြန်မာစစ်အုပ်စုအနေဖြင့် Golden Mega Power မှ ပံ့ပိုးပေးသည့် ထရပ်ကားများ၏ နောက်ဆုံးအသုံးပြုသူဖြစ်ကြောင်းနှင့် Sinotruk သည် အမည်ခံကုမ္ပဏီမှတစ်ဆင့် MCM နှင့် ၎င်း၏စီးပွားရေးကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ညွှန်ပြနေကြောင်း JFM က ထုတ်ဖော်ထားသည်။
Golden Mega Power နှင့် Myanmar Amethyst အပါအဝင် MCM ကွန်ရက်တစ်ခုလုံးသည် မြန်မာ စစ်အုပ်စုထံ လက်နက်နှင့် စစ်ဘက်အရပ်ဘက်နှစ်မျိုးသုံးကုန်ပစ္စည်းများ ထောက်ပံ့မှုအတွက် အရေး တကြီး ဒဏ်ခတ်အရေးယူခံရရန် လိုအပ်လျက်ရှိကြောင်း Justic For Myanmar – JFM က တောင်း ဆိုထားသည်။
D Day News