ကဗျာ ကဏ္ဍ “လူထု အောင်ပွဲ”
ပျိုးကြဲလက်
သည်နွေဦး မှာလ
ပုရစ်ဖူးတွေ မဝေနိုင်ပေဘု
မြိုင်မြိုင်ဆိုင်ဆိုင် အရွက်စိမ်းတွေကြွေတာဖြင့်
အမေရေ ဥသြသံမချိုတော့ပါဘူး
ဥသြဖို ရယ်လေ
လက်ပံအို ပင်ယံထက်မှာပ
ချိုးငှက်နဲ့ အပြိုင်ငို ။
လက်ညိုးတွေ အမှန်ကွေး သလိုပ
သူခိုးတွေ အမြန်မွေးပါတဲ့
သွေးကြွေးရှင် သူပုန်တစ်သိုက်ရယ်နဲ့
ဆွေးနွေးရင် လူယုံမထိုက်တာမို့
တိုက်ခိုက်ရန် အပြန်အလှန်တွေးပြန်တော့
သူပုန်သူကန်ဘေး ရယ်ကြောင့်
သွေးစိမ်းတွေစို ။
ရာဇဝင် စံတင်အောင်မိုက်မဟဲ့ရယ်လို့
ဗိုက်ကြီးသယ်ပါ မချန်သတ်တဲ့ပြင်
အရပ်ထဲဝင် လိုချင်ရာမရမကဆွဲတာမို့
ပဲပလာတာမကျန် အသွေးအသားပါနှံပြန်ပေါ့
မတော်လှန်ရင် ရန်မအေးပြီမို့
အောင်နိုင်ရေးအတွက် ကြောက်စိတ်ရယ်ပြို
ပြည်တခို ဓားလှံဆွဲ
ညီသဗျို အားမာန်ခဲ ။
တပ်ဦးမှာ အောင်စည်ဟိန်းပြီမို့
အုန်းဂျိန်းသံ နယ်တစ်ခွင်လွှမ်းပြန်ပေါ့
ခဲယမ်းမီးကျည် အစုံအလင်နှင့်
တူမီးတို့အရှင် အောင်လံတော်လွှင့်တာဖြင့်
ဝင့်ထည်သကို သပြေညိုရွှေဘိုပန်းရယ်က
ဆင့်ကမ်းကာ လက်လှမ်းကြိုလို့
ညီချက်ပို ပြည်ဖျက်ကိုအာခံတုတဲ့
အလိုကွယ်
လူထုအောင်ပွဲ ။ ။
ပျိုးကြဲလက်
ရေးသားချိန် = ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက် ည ၁၀ နာရီ ၁၈ မိနစ်
D Day News