ကဗျာ ကဏ္ဍ “လက်ယက်ကုန်းက စာအံသံ”
ပျိုးကြဲလက်
ခေါင်းလောင်းသံလွင် ၊ ဒေါင်ဒေါင်ဒင်နှင့်
မောင်ရင်မယ်ထွေး ၊ ပြည့်ရင်သွေးတို့
မျှော်တွေးဆင်ခြင် ၊ ပညာသင်သည်
စိတ်တွင်ပျော်ဘိ ၊ ကြည်နူး၏ ။
အားသွန်ခွန်စိုက် ၊ စာသင်ခိုက်ဝယ်
ဆိုးမိုက်လုယက် ၊ ပြည်ရွာဖျက်က
လက်နက်ကိုင်ဆွဲ ၊ လေမှာဝဲ၍
ဗုံးကြဲပစ်ခတ် ၊ လူတွေသတ်ပြီ ။
ဝုန်းဒိုင်းသံကြား ၊ ပြေးကြလွှားကြ
နားဝမသာ ၊ မြတ်ဆရာတို့
နီးရာတပည့် ၊ ဘေးရန်ရှိက
သတိလည်းပေး ၊ ကာကွယ်ပေး၏ ။
ငယ်ဖော်ရောင်းရင်း ၊ သူငယ်ချင်းက
ဗိုက်တွင်းအူပွင့် ၊ ဗုံးဒဏ်သင့်၍
မတင့်မတယ် ၊ မြင်ခဲ့တယ်ရှင့်
ကယ်ရပါစ ၊ ဆရာမ ။
ကျွန်တော့်ပေါင်မှာ ၊ ကျည်ဒဏ်ရာက
နာကျင်ပါလှ ၊ ဆရာမရယ်
မထနိုင်လို့ ၊ တပည့်တို့ကို
ထွက်လို့တကယ် ၊ မကယ်နိုင်ဘူး ။
မေမေသတ်ပါ ၊ သားဒဏ်ရာက
နာလွန်းလိုက်တာ ၊ နာလိုက်တာဗျ
သူ့မှာခံစား ၊ ဒဏ်ရာအားကို
မေ့သားလက်လျှော့ ၊ အားအင်ပျော့၏ ။
အော်ဟစ်ညည်းတွား ၊ ကလေးများက
ကြောက်အားရယ်ပို ၊ သွေးစိမ်းစို၍
ငိုယိုမြည်တမ်း ၊ ဘဝလမ်း၏
သင်ခန်းစာက ၊ ကြမ်းပါလှ ။
ဝေဟင်ထက်က ၊ ပစ်၍ဝသော်
မြေခဆင်းသက် ၊ ပစ်ခတ်လျှက်ပင်
အောင်နက်ဂုတ်ကျား ၊ စစ်ခွေးများက
ကျောင်းသားပြည်သူ ၊ နှိပ်စက်မူ၏ ။
ဆယ်နှစ်ပတ်လည် ၊ လူမမယ်ကို
တကယ်သတ်ခါ ၊ လူယုတ်မာက
လိမ်ညာပြန်သည် ၊ ဇတ်အိမ်တည်၍
ပီဒီအက်ဖ်က ၊ သတ်တာကွတဲ့ ။
ကျောင်းနံရံထက် ၊ မျက်ရည်စက်နှင့်
သွေးကွက်ပေကျံ ၊ သက်သေခံက
ဗာလံဆိုးယုတ် ၊ စစ်ခွေးအုပ်လျင်
စက်ဆုပ်ဖွယ်ရာ ၊ ရွံဖွယ်ရာတည့် ။
ဪ
စာအံစာကျက် ၊ လူတော်ထွက်သည့်
လက်ယက်ကုန်းရွာ ၊ ကျောင်းတော်သာက
ခေါင်းလောင်းသံတိတ် ၊ တံခါးပိတ်ပြီ
ဆိတ်ငြိမ်ပါဘိ ၊ ငြိမ်ပါဘိ ။ ။
ပျိုးကြဲလက်
၁၃း၅၅
၂၄း၉း၂၀၂၂
D Day News