ကဗျာကဏ္ဍ
“ထိုနေ့”
ပျိုးကြဲလက်
ဒေသစုံ တို့အောင်ပွဲ
ဆင်နွှဲလို့ တညံညံ
မိုးထိအောင်ပျံ ။
ပျော်ကြဟန် ရွှင်ကြဟန်
ချစ်ကြပြန် ညီနောင်ရင်း ။
ပြည်ထောင်ကို တည်အောင်ဝိုင်းလို့
မှိုင်းမလေခြင်း ။
သူ့မျက်နှာ သကာပြုံးနဲ့
ပျော်မဆုံးပေါ့ လုပ်ငန်းခွင်
စနောက်ခင်မင် ။
သူရဲကောင်းတို့ လုပ်ငန်းဝင်
ဌာနပင် စည်ကား ။
ပြည်သူကို ရင်ဝယ်ထားလို့
မော်ကြွားစေသား ။
အင်္ကျီဖြူ လုံချည်စိမ်းနဲ့
မယိမ်းခဲ့တဲ့ ဆရာရှင်
ကျောင်းစာကိုသင် ။
ဓမ္မလမ်းက ကျောင်းခန်းဝင်
သူ့အသွင် ခန့်ငြား ။
ရှေ့ဆောင်ကာ လမ်းမှန်ပြ
မာကြစေသား ။
ဆေးရုံမှာ သူနာပြုနဲ့
ဆရာဝန်ထု အလုပ်ဝင်
ပြုံးပျော်လို့ရွှင် ။
စိတ်ထားက ကြည်ကြည်လင်
လူနာပင် ရောဂါမေ့ ။
ပညာကို စေတနာဆမ်းလို့
လမ်းမှန်ပါပေ့ ။
ကုန်းရေလေ ပို့ဆောင်ရေးက
ပြည်ချစ်သွေးရဲ့ ခွန်အားမာန်
စက်မောင်းသံညံ ။
အတိုးချလို့ ကြိုးစားဟန်
ခေတ်ပြောင်းရန် လိုလား ။
စွန့်လွှတ်ရာ ဝန်မလေးလို့
အေးကြစေသား ။
ဘေးရန်စုံ ကြုံဆုံရ
ပရဟိတ လုပ်သားမောင်
ပြည့်ဂုဏ်ကိုဆောင် ။
ဇွဲလုံ့လ သတ္တိပြောင်
သူ့ဂုဏ်ရောင် အသွင်ထူး ။
သန်းခေါင်ယံ ကြယ်စင်ခသို့
တက်ကြွလို့မြူး ။
ပြည့်ရန်စွယ် အန္တရယ်ကြားက
စွန့်စားတဲ့ စစ်သည်တော်
ပြည့်အသည်းကျော်
ဖယ်ဒရယ်တပ်မို့ စွမ်းသနော်
အောင်ပွဲတော် ဆင်နွှဲ ။
ပြည်သူကို ကာကွယ်ကြလို့
ချစ်ရတာပဲ ။
သည်မြေမှာ အသက်ပေးတဲ့
တော်လှန်ရေးရဲ့ အာဇာနည်
အမျှဝေမည် ။
စွန့်လွှတ်လို့ ဘာမထီ
ကမ္ဘာတည်စေ မမေ့ဘူး ။
တို့အသည်းမှာ သံမှိုနှက်တဲ့
အက္ခရာထူး ။
အို
ရဲဘော်ရဲဘက် ၊ သင့်အသက်က
ထက်မြက်သာကီ ၊ အာဇာနည်မို့
ရက်ရှည်လများ ၊ တိုက်ပွဲကြားမှ
အနားယူရန် ၊ အချိန်တန်၍
သင့်ထံမှန်းဆ ၊ ဖိတ်ခေါ်ရသည်
သင်ကြွလေသော် ၊ ငါတို့ပျော်ကာ
ရည်မျှော်အမျှ ၊ ပေးဝေငှလျှင်
အမျှရကြစေကုန်သတည်း ။
(အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
သာဓု သာဓု သာဓု )၃ ။ ။
ပျိုးကြဲလက်
၁၃း၁၈
၁၀:၈:၂၀၂၁