ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းရွာ စစ်သား၊ ပျူစောထီးများက အသက် ၃၅ နှစ် အရွယ် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ပြီး နေအိမ် ၆၆ လုံး ကို မီးရှို့ဖျက်ဆီး
D Day News
မေလ ၃၁
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများက အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။
ယမန်နေ့ မေလ ၃၀ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၃၀၀ ခန့်သည် ရွှေဘိုရွာနှင့် ရေသာရွာကို စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ရာ နံနက် ၇ နာရီအချိန် သင်တောရွာနှင့် ရွှေဘိုရွာကြား အရောက် ဒေသကာကွယ် ရေးတပ်ဖွဲ့များနှင့် ၂ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ရွှေဘိုရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်းမှ ပစ္စည်းအချို့ကို ခိုးယူခဲ့ကြောင်း၊ ထို့နောက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွှေဘိုရွာနေ စိတ်ကျန်းမာရေး မကောင်းသူ အသက် ၃၅ နှစ်အရွယ်ကိုဇင်မျိုးဝင်ကို ဦးခေါင်းဖြတ်ပြီး သတ်ဖြတ်ကာ လမ်းပေါ်တွင် အလာင်းစွန့်ပစ်ထားခဲ့ကြောင်း သိရသည်။
“တိုက်ပွဲအခြေအနေကတော့ သက်ဆိုင်ရာ တပ်ရင်းတွေက ထုတ်ပြန်ပါလိမ့်မယ်။ တိုက်ပွဲကတော့ ၂ နာရီလောက်ပြင်းပြင်းထန်ထန်ဖြစ်တာ။ စစ်ခွေးတွေအထိအခိုက် အကျအဆုံးများတယ်လို့ သိရပါ တယ်။ လူနာတွေကို ဟံသာဝတီဆေးရုံပို့တယ်။ သေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူဘယ်လောက်ရှိတယ် တော့ မသိရသေးပါဘူး” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ရွှေဘိုရွာအတွင်းလူ သတ်မီးရှိဖျက်ဆီးမှုများပြုလုပ်ပြီး နောက် ညနေ ၃ နာရီအချိန်တွင် မြောက်ခင်ရန်းရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
မေလ ၁၆ ရက်နေ့ကလည်း ရွှေဘိုကျေးရွာရှိ လူနေအိမ် ၂၆၆ လုံးကို အကြမ်းဖက်စစ်သား၊ ပျူစော ထီးများက မီးရှို့ဖျက်ဆီးခဲ့သေးပြီး ယခုအကြိမ်သည် ၄ ကြိမ်မြောက် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News