ဆီဆိုင်မြို့နယ်တွင် ဘာသာရေးအဆောက်အအုံနှင့်ချောင်းကူးတံတားကို လာရောက်ဖျက်ဆီးသည့် စစ်သား၊ PNO ပြည်သူ့စစ်များကို တိုက်ခိုက်မှု ၈ ဦးသေဆုံး
D Day News
မေလ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဘာသာရေး အဆောက်အအုံနှင့် ချောင်းကူးတံတားကို လာရောက်ဖျက်ဆီးသည့် အကြမ်းဖက်စစ်သား၊ PNO ပြည် သူ့စစ်များကို တိုက်ခိုက်ရှင်းလင်းခဲ့ရာ ၈ ဦး ထက်မနည်းသေဆုံးပြီး အလောင်း ၂ လောင်းနှင့်ခဲယမ်း အချို့သိမ်းဆည်းရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ မေလ ၁ ရက် နံနက် ၆ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့်လက်အောက် ခံ PNO ပြည်သူ့စစ်အဖွဲ့တို့က ရွှေတဂူဘုရားအနီးရှိသဘက်ချောင်းကူးတံတားကိုမိုင်းဖြင့် လာရောက် ဖောက်ခွဲသည့်အပြင် တံတားကို ဒရုန်းဖြင့် မီးလောင်ဗုံး ကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် တံတားပျက်စီး သွားခဲ့ကြောင်း သိရသည်။
ထိုအပြင် ရွှေတဂူဘုရားဝင်းအတွင်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုရားစေတီများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့ ပြည်သူများအသုံးပြုသွားလာနေသည့် တံတားနှင့် ပြည်သူများ အထွဋ်အထိပ်ထားရာ ဘာသာ ရေး အဆောက်အဦးကို လာရောက်ဖျက်ဆီးသည့် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က သွားရောက်ရှင်းလင်းခဲ့ရာ ၈ ဦး ထက်မနည်းသေဆုံးပြီး အလောင်း ၂ လောင်းနှင့် ခဲယမ်းကျည်ဆံအချို့ ကျန်ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် သဘက်ကျေးရွာအုပ်စုရှိ ပြည်သူများ မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် များ သည် သဘက်ကျေးရွာအုပ်စု ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲ ဖျက်ဆီးခဲ့သေးသည်။
D Day News