International News

0 0
Read Time:19 Minute, 44 Second

အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အကြမ်းဖက်စစ်အုပ်စုထံ စစ်ဘက်သုံးပစ္စည်း၊ လေ့ကျင့်သင် ကြားပေးမှုများကို ထောက်ပံ့ပေးကာ စစ်ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိ ဟု Justice For Myanmar ထုတ်ပြန်

 

D Day News

ဧပြီလ ၂၄

 

အိန္ဒိယပြည်သူ့ကဏ္ဍစီးပွားရေးလုပ်ငန်းများ (PSUs) သည် တရားမဝင် မြန်မာစစ်အုပ်စုရေတပ်အ တွက် စစ်ဘက်သုံးစက်ပစ္စည်းများ၊ အခြေခံအဆောက်အဦပစ္စည်းများနှင့် လေ့ကျင့်သင်ကြားပေးမှု များကို ဆက်လက်ပေးအပ်လျက်ရှိပြီး၊ စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူ သားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက် ရှိကြောင်း Justice For Myanmar ထုတ်ပြန်သည်။

 

PSU များသည် အိန္ဒိယအစိုးရက အများစုပိုင်ဆိုင်သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး PSU များသည် ကာကွယ်ရေးကဏ္ဍအပါအဝင် အိန္ဒိယစီးပွားရေးနယ်ပယ်တဝန်း ကဏ္ဍများစွာတွင် လုပ် ကိုင် ဆောင်ရွက်လျက်ရှိကာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက စီမံအုပ်ချုပ်နေသည့် PSU ၁၆ ခု ရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာစစ်တပ်သည် စစ်သင်္ဘောအသစ်များ တပ်တော်ဝင်စေခြင်း၊ သင်္ဘောတည်ဆောက်ရေးစွမ်းရည် တည်ဆောက်မြှင့်တင်ခြင်းနှင့် အိန္ဒိယနိုင်ငံမှ ရေငုတ်သင်္ဘော တစ်စင်းအပါအဝင် ရေငုတ်သင်္ဘောနှစ်စင်း ဝယ်ယူခြင်းတို့ဖြင့် ၎င်း၏ရေတပ်ကို အားဖြည့်လောင်း တည်ဆောက်ရန်အတွက် သိသိသာသာ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ မြန်မာရေတပ်သည် ရိုဟင်ဂျာများ အပေါ် ကျူးလွန်သည့် ၂၀၁၇ လူမျိုးတုန်းသတ်ဖြတ်မှု၊ လက်တလောကာလ အာရကန်ပြည်နယ် အတွင်း စစ်သင်္ဘောပေါ်မှ မဆင်မခြင်ပစ်ခတ်တိုက်ခိုက်မှုများကဲ့သို့သော နိုင်ငံတကာ ရာဇဝတ်မှုများ တွင် တိုက်ရိုက်ပါဝင်ကျူးလွန်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်အုပ်စု၏ ရေတပ်သည် စစ်သည်များနှင့် လက်နက်များ သယ်ယူပို့ဆောင်ပေးခြင်းဖြင့် ကြည်းတပ်၏ ရက်စက်ကြမ်းကြုတ်မှုများကိုလည်း အားပေးကူညီခဲ့ကြောင်း၊ ကုန်းလမ်းဆက်သွယ် ရေးလမ်းကြောင်းများ ဆက်တိုက်ဆုံးရှုံးလာမှုကြောင့် စစ်သည်အင်အားဖြည့်တင်းခြင်း၊ ထောက်ပံ့ပို့ ဆောင် ခြင်းနှင့် စစ်လက်နက်များ သယ်ယူခြင်းတို့အတွက် ရေလမ်းကြောင်းအပေါ် မီခိုလာရကာ စစ် အုပ်စုကျူးလွန်သည့် အကြမ်းဖက်စစ်ဆင်ရေးများတွင် ရေတပ်၏ အရေးပါမှု ဆက်လက်မြင့်မားလာ ဖွယ်ရှိကြောင်း Justice For Myanmar က သုံးသပ်ထားသည်။သည်။

 

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်း (PSU) တစ်ခု ဖြစ်သည့်  Goa Shipyard Limited (GSL) သည် စစ်အုပ်စုအာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ချုပ်ဆိုခဲ့သည့် စာချုပ် အရ မြန်မာစစ်တပ်၏ ပြည်တွင်း သင်္ဘောတည်ဆောက်ရေးစွမ်းရည် မြှင့်တင်ရန် စစ်အုပ်စုကို ကူညီ လုပ် ဆောင်ပေးလျက်ရှိကြောင်း၊ ယင်းကုမ္ပဏီ၏ ၅၁ ရာခိုင်နှုန်းသည် အိန္ဒိယသမ္မတက ပိုင်ဆိုင်ပြီး၊ ၄၇ ရာခိုင်နှုန်းကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း တစ်ရပ်ဖြစ်သည့် Mazagon Dock Shipbuilders Limited က ပိုင်ဆိုင်ကြောင်း သိရသည်။

 

ကုမ္ပဏီ၏ အဓိကရည်ရွယ်ချက်များတွင် အိန္ဒိယစစ်တပ်အတွက်အပြင် မိတ်ဖက် နိုင်ငံခြားတိုင်းပြည် များ သို့ တင်ပို့ရန်အတွက် စစ်သင်္ဘောများ ဒီဇိုင်းထုတ်လုပ်ခြင်းနှင့် တည်ဆောက်ခြင်းဆိုသည့် အ ချက် ပါဝင်ကြောင်း သိရသည်။

 

ကုမ္ပဏီ၏ ၂၀၂၁-၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာတွင် မြန်မာ့ရေတပ်ကို လက်ရှိမိတ်ဖက်တစ်ဦး အဖြစ် ဖော်ပြထားပြီး၊ နိုင်ငံတကာဈေးကွက်အတွင်း တိုးချဲ့ရေးကြိုးပမ်းမှုများကို ဖော်ပြရာတွင် “မြန် မာ့ရေတပ် အတွက် ၈၁ မီတာ ကမ်းရိုးတန်းကင်းလှည့် ရေယာဉ်များ၏ တွန်းပို့စက် (Propulsion Plant) များရောင်းချရေး ဆောင်ရွက်နိုင်ရန် တင်ပို့မှုစာချုပ်များ အပြီးသတ်လုပ်ဆောင်ပြီးကြောင်း” ဖော်ပြထားသည်။

 

မြန်မာ့ရေတပ်တွင် ၈၁ မီတာ ကမ်းရိုးတန်းကင်းလှည့် ရေယာဉ်နှစ်စင်း ပိုင်ဆိုင်ထားပြီး၊ ယင်းရေ ယာဉ်များကို သန်လျင်မြို့ရှိ ရေတပ်သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ကြောင်း၊ စစ်ရေယာဉ် အင်းလေး ကို ၂၀၁၇ ခုနှစ်တွင် တပ်တော်ဝင်ခဲ့ပြီး၊ စစ်ရေယာဉ်အင်းမကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တွင် တပ်တော်ဝင် ခဲ့ကြောင်း သိရသည်။

 

ယင်းစစ်ရေယာဉ်များသည် ပန်ကာမောင်းတံ (propeller shaft) အား လျှပ်စစ်ပါဝါပေးရန် ဒီဇယ် အင်ဂျင် နှစ်လုံးကို အသုံးပြုထားပြီး၊ တွန်းပို့စနစ် (propulsion system) တစ်ခုဖြင့် မောင်းနှင် ကြောင်း၊ ယင်းစစ်ရေယာဉ်များကို ရေတပ်သုံးသေနတ်များ တပ်ဆင်ထားပြီး၊ ဟယ်လီကော်ပတာ ဆင်းသက်ကွင်းလည်း ပါရှိကြောင်း သိရသည်။

 

GSL ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အဆိုပါတွန်းပို့စက်အတွက် မြန် မာ့ ရေတပ်သင်္ဘောကျင်းနှင့် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပြီး ယင်းစီမံကိန်း၏ လက်ရှိ အခြေ အနေကို ရှင်းလင်းစွာ မသိရသေးသလို၊ ယင်းစီမံကိန်းကို ကုမ္ပဏီ၏ ၂၀၂၂-၂၃ နှစ်ပတ်လည် အစီရင် ခံစာ တွင်လည်း ဖော်ပြထားခြင်းမရှိပေ။

 

အိန္ဒိယအောက်လွှတ်တော်၏ ကာကွယ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီထံ အိန္ဒိယကာကွယ်ရေး ဝန် ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် ပေးပို့သော အစီရင်ခံစာအရ GSL ကုမ္ပဏီ၏ ၂၀၂၁-၂၃ ကာလ အတွက် ပို့ကုန်လည်ပတ်မှုစာရင်းတွင် မြန်မာ့ရေတပ် အတွက် သင်တန်းလည်း ပါဝင်ခဲ့ပြီး၊ ယင်းသင် တန်းသည် တွန်းပို့စက်အတွက် ဖြစ်နိုင်ကြောင်း၊ ယင်းအစီရင်ခံစာတွင်ပင် အိန္ဒိယကာကွယ် ရေးဝန် ကြီးဌာနက “GSL အနေဖြင့် ၂၀၂၃-၂၄၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်များအတွင်း နောက်ထပ် သင်္ဘော/  ပလက်ဖောင်းများ ဒီဇိုင်းရေးဆွဲတည်ဆောက်ခြင်းများ အတွက် မြန်မာအပါအဝင် နိုင်ငံများသို့ အဆို ပြုလွှာများ တင်သွင်းခဲ့ကြောင်း” ဖော်ပြထားသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း GSL ကုမ္ပဏီသည် မြန်မာစစ်တပ်၏ အကြီးတန်းခေါင်းဆောင် များနှင့်လည်း တွေ့ဆုံခဲ့သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ရေတပ်ချုပ် ဗိုလ်ချုပ်ကြီးမိုးအောင် ဦး ဆောင်သည့် မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယရေတပ်က လက်ခံကျင်းပသည့် တတိယ အကြိမ်မြောက် Goa Maritime Conclave သို့ တက်ရောက်ခဲ့ပြီး၊ GSL ကုမ္ပဏီသို့ သွား ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ယင်းမတိုင်မီ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ယခင်ရေတပ်ချုပ် တင်အောင်စန်းသည်လည်း GSL ကုမ္ပဏီသို့ တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့သည့်အပြင်၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင်လည်း မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့က ကုမ္ပဏီသို့ သွားရောက်လည် ပတ်ခဲ့ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ်တွင် GSL ကုမ္ပဏီက စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးလုံးအတွက် ၎င်းတို့၏ ထုတ်ကုန် များ ကို မြန်မာနိုင်ငံအတွင်း ဈေးကွက်ချဲ့ထွင်ရန် ကုမ္ပဏီတစ်ခုနှင့် လက်တွဲလုပ်ဆောင်လိုကြောင်း စိတ်ဝင်စားမှု တင်ဒါကြော်ငြာတစ်စောင်ကို ထုတ်ပြန်ခဲ့သော်လည်း GSL အနေဖြင့် မြန်မာနိုင်ငံ ကိုယ် စားလှယ် ကုမ္ပဏီတစ်ခုကို ခန့်အပ်ခဲ့ခြင်းရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရကြောင်း၊ အဆိုပါ တင်ဒါရလာဒ်နှင့် ပတ်သက်၍ JFM ၏ မေးမြန်းမှုများကို ကုမ္ပဏီက တုန့်ပြန်ဖြေကြားခြင်းလည်း မရှိခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

 

၂၀၁၆ ခုနှစ်တွင် GSL ကုမ္ပဏီသည် ပုဂ္ဂလိကကုမ္ပဏီ Electropneumatics and Hydraulics India (EPHL) နှင့် မိတ်ဖက်ဆောင်ရွက်ပြီး ရေတပ်အတွက် ထိခိုက်ပျက်စီးမှုအခြေအနေများတွင် ထိန်း ကျောင်း နိုင်ရေးဆိုင်ရာ သရုပ်တူစနစ် (DCS) တစ်ခုကို မြန်မာနိုင်ငံတွင် တည်ဆောက်တပ်ဆင်ပေး ခဲ့ကြောင်း၊ EPHL သည် မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူရေးညွှန်ကြားမှုဌာနတွင် လက်ရှိ မှတ်ပုံတင် ထားသည့် တင်သွင်းရောင်းချသူ ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

 

DCS သည် ထိခိုက်ပျက်စီးမှု ဖြစ်နိုင်ခြေအမျိုးမျိုးတွင် သင်္ဘောသားများအတွက် ထိန်းချုပ် ထိန်း ကျောင်း နိုင်ရေးနှင့် ပြုပြင်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားနိုင်သည့် လက်တွေ့ပတ်ဝန်းကျင်တစ်ခုကို သရုပ်တူ ဖန်တီးရန် ဒီဇိုင်းရေးဆွဲထားသည့် သင်ကြားရေးစနစ်တစ်ရပ် ဖြစ်ပြီး ကုမ္ပဏီက “လက်တွေ့ ဘဝ လုပ်ငန်းခွင် ဝန်ဆောင်မှုများတွင် စစ်ပွဲကာလသာမက ငြိမ်းချမ်းရေးကာလအတွင်းမှာပင် သင်္ဘော ထိခိုက်ပျက်စီးမှု ဆိုတာ ဖြစ်နိုင်ခြေရှိပါတယ်” ဟု ရေးသားထားသည်။ GSL ကုမ္ပဏီ၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအရ DCS အတွက် အိန္ဒိယEXIM ဘဏ်၏ ငွေကြေးပံ့ပိုးမှု ရယုခဲ့ဟန်ရှိသည်ဟုဆိုသည်။

 

India Oil Corporation Limited (IOCL) သည် အိန္ဒိယနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ရပ် ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ရေတပ်သုံးအဆင့် ဒီဇယ် အမေရိကန်ဒေါ်လာ ၁.၅ သန်းဖိုး အပါအဝင် မြန်မာနိုင်ငံသို့ အမေရိကန် ဒေါ်လာ ၃.၇ သန်းကျော်ဖိုး လောင်စာဆီများ ရောင်းချတင်ပို့ခဲ့ကြောင်းသိရသည်။

 

စစ်တပ်၏ အာဏာသိမ်း ကြိုးပမ်းမှုအပြီး ပထမ ၁၈ လအတွင်း တင်ပို့မှုအတော်များများသည် IOCL ၏ ဆီနှင့် ချောဆီ လုပ်ငန်း Servo က ထုတ်လုပ်သည့် အင်ဂျင်ဝိုင်၊ မော်တာဆီ၊ ချောဆီနှင့် ဘရိတ် ချောဆီများ ဖြစ်ကြောင်း Frontier ၏ ဆန်းစစ်သုံးသပ်မှုအရ သိရသည်။

 

Servo ကုမ္ပဏီ၏ တင်ပို့မှုအများစုသည် မြန်မာစစ်တပ်၏ စစ်လက်နက်ပွဲစားကုမ္ပဏီ Myanmar Chemical & Machinery (MCM) ထံ တင်ပို့ခဲ့ခြင်း ဖြစ်ပြီး MCM ကုမ္ပဏီနှင့် ယင်း၏ဥက္ကဌ ဖြစ်သူ အောင်လှိုင်ဦးတို့အား အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ယူကေနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှု များ ချမှတ်ထားကြောင်း သိရသည်။

 

Justice For Myanmar က ကြည့်ရှုခဲ့ရသည့် လတ်တလောကုန်တင်ပို့မှု များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် Frontier Myanmar ၏ သတင်းရေးသားမှု နောက်ပိုင်း IOCL မှ မြန်မာနိုင်ငံသို့ ကုန်တင်ပို့မှုများ ဆက်လက်ရှိနေကြောင်း သိရပြီး၊ ၂၀၂၄ ခု နှစ်၊ ဇန်နဝါရီလ နောက်ပိုင်းရက်များတွင် အနည်းဆုံး နောက်ထပ်ကုန်တင်ပို့မှု ၃ ခုနှင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း နောက်ထပ် ကုန်တင်ပို့မှု ၅ ခုတို့ တွေ့ရသည်ဟု ဆိုသည်။

 

IOCL ကုမ္ပဏီသည် ၂၀၁၇-၂၀၂၀ အတွင်း အမေရိကန်ဒေါ်လာ ၁၄၀ သန်း နီးပါးတန်ဖိုးရှိသည့် လေ ယာဉ်ဆီများကို စင်ကာပူနိုင်ငံရှိ Puma Energy Supply and Trading ကုမ္ပဏီနှင့် ယင်း၏ မိခင် ကုမ္ပဏီ Trafigura တို့ထံ ပေးပို့ခဲ့ကြောင်းကိုလည်း Frontier သတင်းစာက တွေ့ရှိခဲ့သည်။ Puma သည် ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံမှ မထွက်ခွာခင်အထိ မြန်မာစစ်တပ်၏ အဓိက လေယာဉ်ဆီ ရင်းမြစ် တစ်ရပ် ဖြစ်ခဲ့ကြောင်း သိရသည်။

IOCL သည် အိန္ဒိယနိုင်ငံ၏ ဘုံဘေစတော့အိတ်ချိန်းနှင့် နိုင်ငံအဆင့် စတော့အိတ်ချိန်းစာရင်းဝင် ၅၁.၅ ရာခိုင်နှုန်း နိုင်ငံပိုင်ကုမ္ပဏီဖြစ်ပြီး အခြားရှယ်ယာရှင်များတွင် Oil and Natural Gas Corporation Limited၊ Life Insurance Corporation of India၊ Oil India Limited၊ SBI Funds Management Limited၊ Nippon Life Asset Management နှင့် Franklin Templeton Asset Management တို့ ပါဝင်ကြောင်း သိရသည်။

 

Bharat Electronics Limited (BEL) သည် အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ရပ် ဖြစ်သည်။ ဘယ်လာရုစ်နိုင်ငံတွင် အခြေစိုက်ပြီး၊ ရေဒါ၊ ဒုံးကျည်စနစ်၊ ရေ တပ်စနစ်များ၊ တိုက်ခိုက်ရေးစီမံမှုစနစ်များ၊ အမိန့်ပေးကွပ်ကဲမှုစနစ်များ၊ အီလက်ထရောနစ်စစ်ပွဲ စနစ်များ၊ အချက်ပြထောက်လှမ်းရေးစနစ်များ၊ အီလက်ထရို-အော့တစ်နည်းပညာများ၊ တင့်ကားအီ လက်ထရောနစ်နှင့် စစ်ဘက်ဆက်သွယ်ရေးနည်းပညာများ အပါအဝင် စစ်ဘက်ဆိုင်ရာနည်းပညာ များစွာကို ထုတ်လုပ်သည်။ BEL ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရုံးခွဲတစ်ခုကို ဆက်လက်ဖွင့်လှစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် BEL ကုမ္ပဏီသည် ပတ်လည်ကြည့်လုံခြုံရေးကင်မရာနှင့် ရေကြောင်းရေဒါလက်ခံစက်များအတွက် low noise front end (LNFE) များ အပါအဝင် စစ်တပ်က လက်ဝယ်အသုံးပြုမည့် များစွာသော ပစ္စည်းအမျိုးအမည်များစွာကို မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူ ရေး ညွှန်ကြားမှုဌာနထံ တင်ပို့ခဲ့ကြောင်း သိရသည်။

 

ပတ်လည်ကြည့်လုံခြုံရေးကင်မရာများကို မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းကင်းထောက်စနစ်တစ်ခု အ တွက် အသုံးပြုရန် ရည်ရွယ်ကာ ၂၀၂၁ ခုနှစ်အတွင်း BEL သည် မြန်မာစစ်တပ်အတွက် ၎င်းတို့ ဒီဇိုင်း ထုတ်ရေးဆွဲထားသည့် ကမ်းရိုးတန်းကင်းထောက်စနစ် တစ်ခုအတွက် တာဝါများနှင့် ရေဒါပစ္စည်း အစိတ်အပိုင်းများ ပါဝင်သည့် တင်ပို့မှုများစွာကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

BEL ၏ ၂၀၁၅ နှစ်ကုန်အစီရင်ခံစာတွင် “ဘက်စုံကမ်းရိုးတန်းကင်းထောက်စနစ်အတွက် အီလတ် ထရို-အော့တစ်စနစ်တစ်ခုပါဝင်ပြီး၊ ၄င်းသည် ကမ်းရိုးတန်းကင်းထောက်စနစ်အတွက် စက်ဝိုင်းပြတ် ဒီကရီ တိုင်းတာရန်နှင့် ပင်လယ်ရေမျက်နှာပြင်အမြင့်များတွင် ထိရောက်စွာစောင့်ကြည့် ထောင့်လှမ်း နိုင် ရန် ပတ်လည်ကြည့် လုံခြုံရေးကင်မရာတွင် တပ်ဆင်အသုံးပြုထားသည့် indigenous TI and CCD ပါ အီလက်ထရို-အော့တစ်စနစ်” ဖြစ်ကြောင်း အတည်ပြုထားသည်။

 

BEL ၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တင်ပို့မှုတွင်လည်း S-band marine radar receiver အတွက် low noise front end အမျိုးအစား B7RX1002 receiver တစ်ခုပါဝင်သည်။ တင်ပို့မှုမှတ်တမ်းအရ သိရ သည်မှာ ယင်းပစ္စည်းအစိတ်အပိုင်းကို ကာကွယ်ရေးနှင့် အခြားကဏ္ဍများအတွက် စနစ်များနှင့် စက် ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သည့် ယူကေမှတ်ပုံတင်ကုမ္ပဏီ Teledyne E2V က ထုတ်လုပ် ခြင်း ဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်တွင်း တင်ပို့မှုမှတ်တမ်းနှစ်ခုလုံးအရ အဆိုပါပစ္စည်းများကို အိန္ဒိယနိုင်ငံတွင် ပြုပြင်ပြီး နောက် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ဖော်ပြထားပြီး၊ ယင်းက မြန်မာစစ်တပ်အတွက် BEL ကုမ္ပဏီ ၏ ဆက်လက်ကူညီပံ့ပိုးမှုကို ပြသနေခြင်း ဖြစ်သည်ဟု ဆိုသည်။

 

Justice For Myanmar သည် စစ်အဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ BEL ကုမ္ပဏီ ၏ ပစ္စည်းတင်ပို့မှုများကို ယခင်ကတည်းက မှတ်တမ်းပြုစုထားခဲ့ပြီး၊ ယင်းတင်ပို့မှုများတွင် ၂၀၂၁ ခုနှစ် အတွင်း အဝေးထိန်းလက်နက်စခန်းတစ်ခု၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလ အတွင်း ရေအောက်အသံလှိုင်းအာရုံခံ သတ္တုဆိုနာလိပ်ခုံးသဏ္ဍန်ပစ္စည်းများနှင့် (metallic sonar domes)၊ ဖရီးဂိတ်များ၊ စစ်သင်္ဘောများ သို့မဟုတ် ရေငုပ်သင်္ဘောများတွင် အသုံးပြုသည့် ဆိုနာလိပ် ခုံး များ အတွက် စွမ်းအင်အသွင်ပြောင်းကိရိယာများနှင့် ငွေ့ရည်ဖာဂတ်စကတ်များ (transducers and gaskets)၊ လမ်းညွှန်ဂီယာစနစ်များ (directing gear systems)၊ သင်ကြားရေးစာရွက် စာတမ်း များ၊ sliprings and external fasteners များ၊ အောက်ခံပြားနှင့် ပါဝါပေးစက်များ အပါအဝင် ရေဒီ ယို ထုတ်လွှတ်မှု သို့မဟုတ် ရေဒါစက်ပစ္စည်းများအတွက် ပစ္စည်းအမျိုးမျိုးနှင့် တိုက်ပွဲတွင်း ဆက် သွယ် ရေးသုံး အိတ်ဆောင် ရေဒီယိုများ ပါဝင်သည့် အမေရိကန်ဒေါ်လာ ၅.၁ သန်းတန်ဖိုးရှိ ပစ္စည်း များ ပါဝင်ကြောင်း သိရသည်။

 

BEL သည် အိန္ဒိယနိုင်ငံ၏ ဘုံဘေစတော့အိတ်ချိန်းနှင့် နိုင်ငံအဆင့်စတော့အိတ်ချိန်း စာရင်းဝင်၊ ၅၁ ရာခိုင်နှုန်း အစိုးရပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည်။ အခြားရှယ်ယာရှင်များတွင် Nippon Life Asset Management၊ Kotak Mahindra Asset Management၊ HDFC Asset Management၊ Canara Robeco Asset Management နှင့် Franklin Templeton Asset Management တို့ ပါဝင်သည်ဟု ဆိုသည်။

 

မြန်မာစစ်တပ်အတွက် ပစ္စည်းများရောင်းချထောက်ပံ့မှုကြောင့် နော်ဝေပြည်သူ့ရံပုံငွေအဖွဲ့အစည်း သည် BEL ကုမ္ပဏီတွင်ရှိသော ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်တပ်ထံ စစ်လက်နက်နှင့်ဆက်စပ်ပစ္စည်းအားလုံး၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုများကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့်သင်တန်းအား လုံးကို ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုထားသည်။

 

အိန္ဒိယစစ်တပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍတို့နှင့် စီးပွားရေးပတ်သက်ဆက်နွယ်မှု ရှိ ကြသည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုအား ပံ့ပိုးနေမှုအားလုံးကို ပိတ်ပင်နိုင် ရေး တိုက်တွန်းရန် မိမိတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုသင့်ကြောင်း ဆက်လက် ထောက်ပြပြော ဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *