Mon State News

0 0
Read Time:8 Minute, 45 Second

အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း၌ မွန်ပြည်ကို တည်ထောင်မည်ဟု မွန်ပြည်သစ်ပါတီ(အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ကြေညာ

 

D Day News

ဧပြီလ ၂

 

အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုအတွင်း၌ မွန်ပြည်ကို တည် ထောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က ယမန်နေ့ ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်သည်။

 

မွန်လူမျိုးတို့သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အခွင့်အရေးအတွက် တိုက်ပွဲ ဝင်လာသည်မှာ ယနေ့တိုင်ဖြစ်ပြီး မွန်လူမျိုးတို့ မျှော်မှန်းသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက်နိုင်ငံရေးနည်း လမ်းဖြင့် ဖြေရှင်းရန် ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ၂၀၁၈ ခုနှစ် NLDအစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူ ညီချက် (NCA) ကို ပါဝင်လက်မှတ်ရေးထိုးကာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း မျှော်မှန်းသည့် နိုင်ငံရေးရလဒ်များ မရရှိခဲ့ပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာ သိမ်းလိုက်သည့်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့ သွားခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)သည် နိုင်ငံရေးရပ်တည်ချက် တူညီသော အဖွဲ့ အစည်းများအားလုံးနှင့် အတူတကွ လက်တွဲပြီး မျှော်မှန်းသည့် ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိ သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်နိုင်ရန်အတွက် ယခုနိုင်ငံရေး ရပ်တည်ချက် အား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

၁။ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်

==========================

တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အပြည့်အဝ အာမခံ သော ပြည်နယ်များ(ဖက်ဒရယ်ယူနစ်များ)ဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အတွင်း မွန်ပြည်ကို တည်ဆောက်မည်။

 

၂။ ပြည်ထောင်စု၏ အခြေခံ စံတန်ဖိုးများ

================================

(က) တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိခြင်း။

(ခ) အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ရှိခြင်း။

(ဂ) လူနည်းစုအခွင့်အရေးကို အပြည့်အဝ အာမခံပေးခြင်း။

(ဃ) စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်း။

(င) ဂျန်ဒါတန်းတူမှုရှိခြင်း။

(စ) လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင် စိတ်ခံယူမှုတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်း။

(ဆ) စုပေါင်းခေါင်းဆောင်မှု ရှိခြင်း။

 

၃။ ဦးတည်ချက်

===========

(က) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရန်။

(ခ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရန်။

(ဂ) ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းပိုင် ခွင့် အခွင့်အရေး အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန်။

(ဃ) မွန်လူမျိုးများအကြား စည်းလုံးညီညွတ်ရေးနှင့် လူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တည်ဆောက်သွားရန်။

(င) မွန်လူမျိုးအပါအဝင် အခြားလူမျိုးများ၏တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့် အရေး အပြည့်အဝရှိသော မွန်ပြည်ကို တည်ဆောက်သွားရန်။

 

၄။ နိုင်ငံရေးရပ်တည်ချက်များ

=====================

(က) NCA စာချုပ်အပေါ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှု မှန်သမျှကို လက်မခံပါ။

(ခ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းရန် ကြိုးပမ်းမှုမှန်သမျှအား ဆန့်ကျင်သွား မည်။

(ဂ) အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်ခွင့် မရှိစေရ။

(ဃ) နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် မည်သည့်နိုင်ငံရေး အာဏာခွဲဝေမှု ကိုမှ လက်မခံပါ။

(င) တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် ဒေသ၏ လိုအပ်ချက်များအရ ဖက်ဒရယ်အခြေခံစံနှုန်းများနှင့်အညီ လုပ်ဆောင်သွားမည်။

(စ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံ ဖြင့် ခုခံတော်လှန်နေကြသည့်အစုအဖွဲ့များအားလုံး လက်ခံပါဝင်နိုင်မည့် နိုင်ငံရေးဆွေးနွေး အဖြေရှာမှုများတွင် ပူးပေါင်းပါဝင်မည်။

(ဆ) ကမ္ဘာ့ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏မြန်မာနိုင်ငံပြဿနာအဖြေရှာရေး လုပ်ငန်းစဉ်များ တွင် ညှိနှိုင်းပူးပေါင်းပါဝင်သွားမည်။

(ဇ) အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမည်။

၅။ လုပ်ငန်းစဉ်များ (လမ်းပြမြေပုံ)

==========================

(က) မွန်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲပြီး အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက် ခြင်း။

(ခ) တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်း ပြီး အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက်ခြင်း။

(ဂ) အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏အုပ်ချုပ်ရေးလုပ်ငန်းများ ဖယ်ရှားပြီး မွန်ပြည်ကြားကာ လနှင့် ပြည်ထောင်စု ကြားကာလအုပ်ချုပ်ရေးအစီအမံ ရေးဆွဲအကောင်အထည်ဖော်ခြင်း။

(ဃ) အာဏာသိမ်းစစ်ကောင်စီ ဖယ်ရှားပြီး တော်လှန်ရေးအင်အားစုအားလုံး ပါဝင်သော အသွင် ကူးပြောင်းရေးကာလ ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းပြီး ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပကာ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရ ဖွဲ့စည်းခြင်း။

(င) အသွင်ကူးပြောင်းကာလတွင် မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ ပါဝင်ကာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းအတည်ပြုပြီး ယင်းပြည်နယ်ဖွဲ့စည်းပုံ အခြေ ခံဥပဒေအရ ပြည်နယ်အစိုးရဖွဲ့စည်းခြင်း။

(စ) အသွင်ကူးပြောင်းရေးကာလတွင် တော်လှန်ရေးအင်အားစုများ ပါဝင်ကာ ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုပြီး ယင်းဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု အစိုးရဖွဲ့စည်းခြင်း။

(ဆ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိစေရေးနှင့် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

နိဂုံး

===

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အခွင့်အရေး အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် မွန် ပြည် ပေါ်ထွန်းရေးအတွက် ဤနိုင်ငံရေးရည်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ် များ အကောင်အထည်ဖော်နိုင်ရန် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *