ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မုပ္ပလင်လမ်းဆုံရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၁ ရက် မွန်းတည့် ၁ နာရီ ၂၂ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင် လမ်းဆုံ စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဗုံးသီးချပြီးတော့ နာရီဝက်လောက်ကြာတော့ လက်နက်ကြီးနဲ့ ရမ်းပစ်တာရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေက ဆုတ်ခွာခဲ့ပြီးပြီဖြစ်တဲ့အတွက်အထိအခိုက်မရှိခဲ့ဘူး။ ခရီးသွား ပြည်သူတစ်ဦးတော့ ကားမှန်စစင်ပြီ ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်၊ သတင်းတော့ အတည် မပြုနိုင်သေးဘူး။ ဘုရားဖူးပြည်သူတွေကို အသိပေးချင်တာ စခတွေနဲ့ ဝေးဝေးရှောင်နေကြဖို့ တိုက် တွန်းချင်ပါတယ်။ စစ်ရေးဆိုတာ အချိန်မရွေး၊ နေရာမရွေးဖြစ်လာနိုင်လို့ပါ” ဟု ကျိုက်ထိုတော်လှန် ရေး အင်အားစု – KRF မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF ၊ KNU/KNLA နှင့် PDF ၇၈၀၅ တပ် ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်း အသိပေးထားသည်။
ထို့အပြင် ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်မည်မဟုတ်ကြောင်း ဆက် လက် ကတိပြုထားသည်။
Thanlwin Myanmar Media