အကြမ်းဖက်စစ်ကောင်စီကို တအာင်းမြေမှ မောင်းထုတ်နိုင်ခဲ့ပြီး တအာင်းပြည်၏ အုပ်ချုပ်ရေး ယန္တရားကို တာဝန်ယူရတော့မည့်အချိန်ဖြစ်ဟု PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ပြော
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၈
အကြမ်းဖက်စစ်ကောင်စီကို တအာင်းမြေမှ မောင်းထုတ်နိုင်ခဲ့ပြီး တအာင်းပြည်၏ အုပ်ချုပ်ရေး ယန္တရားကို တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်သည့် PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် ၄ သင်တန်းဆင်းပွဲနှင့် အပတ်စဥ် ၅ အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက ထည်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည် လက်ရှိတအာင်းပြည်၏ စစ်ရေးနိုင်ငံရေးကို ကိုယ် တိုင်နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ပြီဖြစ်သည့်အတွက်ကြောင့် စစ်ရေးတစ်ခုတည်းတင်မကဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားလုပ်ငန်းဌာနများ၌ တာဝန်ထမ်းဆောင်ရာတွင် တအာင်းပြည်ကြီး ဖွံ့ဖြိုးတိုး တက်ပြီး သာယာဝပြောစေရန် ယခုသင်တန်းဆင်းသည့် အရာရှိများ၏ လက်ထဲတွင်ရှိကြောင်း မည် သည့် နေရာ ဌာနတွင်မဆို ကျရာတာဝန်ကို စနစ်တကျ တိုးတက်အောင်ဆောင်ရွက်ကြရန် လိုအပ်ပါ တယ်။ ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားများတွေ တာဝန်ယူရတော့မယ့်အချိန်ဖြစ်တာကြောင့် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေမှာ အရင်ကထက် ပိုမိုလုပ်ဆောင်ရမှာဖြစ်ပါတယ် မိဘပြည်သူတွေ အန္တရာယ် အတွင်း မကျရောက်စေဖို့ မိမိတို့အဖွဲ့အစည်းမှာသာ တာဝန်ရှိပါတယ်” ဟု PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားသည်။
ထို့အပြင် PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်က သဝဏ်လွှာပေးပို့ခဲ့ပြီး ယနေ့သည် တအာင်းတမျိုးသားလုံးအတွက် အင်မတန် တန်ဖိုးကြီးသည့် ရက်ကောင်းရက်မြတ်ဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူဒါန်းသွားသည့် အလုပ်သင်ဗိုလ် ကျောင်းသား (၁၂)ဦးအား အလေးပြုအပ်ကြောင်း၊ အပတ်စဉ်(၅) တက်ရောက်မည့် ကျောင်းသား(၁၃၅)ဦးကို ကြိုဆိုကြောင်း၊ တာဝန်ထမ်းဆောင်ကြသည့် အရာရှိအရာခံများသည် စစ်ရေး၊ နိုင်ငံရေးနှင့် အခြားအုပ်ချုပ်ရေး ကဏ္ဍများကို တတ်ကျွမ်းရန် လိုအပ်ကြောင်း၊ အဆိုပါ အရေးများ သိကျွမ်းနားလည်မှသာလျှင် မိဘပြည်သူများအား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့ကြောင်း သိရသည်။
Ta’ang Army Officer Training – TAOT အပတ်စဉ် ၄ သည် သင်တန်းကာလ ၁၈ လ ကြာမြင့်ခဲ့ပြီး သင်တန်းသား ၁၃၂ ဦး တက်ရောက်ခဲ့ကြောင်း၊ ယင်းသင်တန်းမှ သင်တန်းသားများသည် ၁၀၂၇ စစ် ဆင်ရေး အပိုင်း ၂ တွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ၁၂ ဦးကျဆုံးခဲ့ကာ ၁၁၄ ဦးသာ သင်တန်းဆင်းနိုင်ခဲ့ကြောင်း သိရသည်။
Ta’ang Army Officer Training – TAOT အပတ်စဉ် ၅ ကိုတက်ရောက်မည့် အလုပ်သင် ဗိုလ်သင် တန်းသား ၁၃၅ ဦးဖြင့် သင်တန်းသစ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းကာလ စစ်ဆင်ရေးအတွင်း တပ်မဟာ နှင့် တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်ကာ စစ်မြေပြင်၌ အသက်ပေးလှူသွားသည့် ဗိုလ် လောင်းသင်တန်းက ကျောင်းသားများအား ဂုဏ်ယူလေးစားအပ်ကြောင်း၊ လက်ရှိ အရာရှိအဖြစ် တာဝန်ထမ်းဆောင်သွားမည့် အရာရှိလောင်းများအနေဖြင့် မိမိကျရာတာဝန်များကို အကောင်းဆုံး ဖြင့် ဆောင်ရွက်သွားရန် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။
မိဘပြည်သူများ၏ မေတ္တာ စေတနာနှင့် ကူညီထောက်ပံ့ခဲ့သည့်အတွက်ကြောင့် စစ်ပွဲတွင် အောင်ပွဲ အလီလီရရှိခဲ့ပြီး မိမိတို့နယ်မြေများ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ရည်မှန်းချက် ရာနှုန်းပြည့် အောင်မြင်နိုင်ရန် မိဘပြည်သူများနှင့်အတူ ရဲဘော်များ၏ အင်အားဖြင့် ဆက်လက်ချီတက်ရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်ဟု ဆိုသည်။
သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် အလုပ် သင်ဗိုလ်သင်တန်းမှ ကျောင်းသားများအား ဘက်စုံထူးချွန်ဆု၊ စာပေထူးချွန်ဆုနှင့် စစ်ရေး ဆိုင်ရာ ထူးချွန်ဆု စသည့်ဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ် ချုပ် တားဘုန်းကျော်၊ စစ်ရေးချုပ် တားနောရိူန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အရာအရှိ/အရာခံ များ သင်တန်းသားများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ ၇၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media