တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၆
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်း ကျေးရွာ အနီးပတ်ပတ်လည်၌ အင်း ၆၀ ခန့်ဖြင့် တပ်စွဲထားသောအကြမ်းဖက်စစ်သားများအနက် စစ်သား ၁၀ ဦးသည် ပြည်သူ့ နေအိမ်အတွင်း ဝင်ရောက်ကာစုဝေးနေကြောင်းသတင်းအရ တနင်္သာရီ မြို့နယ် ဇုံ – ၅ ဒရုံးအဖွဲ့မှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သူတို့ကလာပြီး တပ်စွဲထားတာ ၁ လောက်ရှိပြီ။ ရွာပတ်ပတ်လည်နဲ့နေအိမ်တွေထဲမှာ ဝင်ပြီးနေရာ ယူတပ်စွဲထားတာ၊ သူတို့နေအိမ်တစ်လုံးထဲမှာ စုပြီးနေတယ်သတင်းရလို့ ဒရုန်းနဲ့ဗုံးသီး သွားချတာ၊ တစ်လုံးပဲချခဲ့တယ်။ ဒဏ်ရာရတဲ့ နှစ်ယောက်ကို ခမရ ၅၅၆ တပ်ရင်းထဲကို သယ်သွားတာ။ ရွာထဲမှာ နေတဲ့ ပြည်သူတွေကတော့ ရှောင်နေရတာ၊ လက်ရှိအထိ ရွာထဲမှာ စခတွေရှိသေးတယ်။” ဟု တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့သို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းအတွင်းသို့ ကားဖြင့် သယ်ဆောင်သွား ကြောင်း သိရ သည်။
အဆိုပါ အကြမ်းဖက်စစ်သားများသည် ညောင်ပင်ကုန်းကျေးရွာ အနီးနားတစ်ဝိုက်၌ ဝင်ရောက်တပ်စွဲ လှုပ်ရှားနေသည်မှာ ၁ လ ခန့်ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာနေပြည်သူများမှာလည်း ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။
Thanlwin Myanmar Media