ကျွန်းလှမြို့နယ်၊ မဒေါင်းရွာ စစ်တပ်စခန်းကို သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက် နှင့် ခဲယမ်းပစ္စည်းများသိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၄
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ မဒေါင်းရွာ အကြမ်းဖက်စစ်တပ်စခန်းအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက် ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၅ နာရီခွဲက စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၇၀ ခန့် ဖြင့် အထိုင်ချတပ်စွဲနေသည့် ကျွန်းလှမြို့နယ်၊မဒေါင်ရွာအား ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေး အင်အားစုများမှ ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၅ နာရီကျော် ကြာမြင့်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၂၀ ခန့် အပြင်းအထန် ဒဏ်ရာရရှိကာ လွှတ်တိုက်ရွာအရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်တပ် စခန်းအတွင်းမှ MA1 အမျိုးအစားသေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၄၆၀ တောင့်၊ ကျည်ဘောက် ၅ ခု၊ မိုင်းအကြီး ၁ လုံး၊ အသေး ၆ လုံး၊ ဦးထုပ် ၂ လုံးနှင့် Icon စက် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်၊ပျူစစ်ကြောင်းသည် နိုဝင်ဘာလ ၂၀ ရက်နေ့က ကျွန်းလှမြို့နယ်၊ ကုက္ကို ကုန်းရွာသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်ပြီး ကုက္ကို ကုန်းရွာ တိုက်နယ်ဆေးရုံ ၊ မြဘုံသာနှင့် မဒေါင်ရွာတို့တွင် ခွဲ၍အထိုင်ချကာ ကုက္ကိုကုန်း၊ လွှတ်တိုက်၊ ဆွဲလှဲ နှင့် မဒေါင်ရွာတို့မှ ပြည်သူပိုင်ပစ္စည်းများခိုးယူကာ နေအိမ်များလှည့်ပတ်မီးရှို့နေသည်မှာ ၇ ကြိမ်ထိရှိနေပြီဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်သား၊ ပျူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို ယခုအချိန်အထိ အတည် ပြုနိုင်ခြင်းမရှိသေးသည့်အပြင် အကြမ်းဖက်စစ်သား၊ ပျူများက အနီးအနားတဝိုက်ရှိ ပြည်သူပိုင် စပါး ခင်းများကိုလည်း စပါးရိတ်စက်များအသုံးပြုကာ ရိတ်သိမ်းခိုးယူနေကြောင်း သိရသည်။
မဒေါင်ရွာသည် အကြမ်းဖက်စစ်သား၊ ပျူများ၏ နှစ်ကြိမ်တိတိမီးရှို့ခံခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ မီးရှို့မှုတွင် နေအိမ် ၈ လုံး ပြာကျဆုံးရှုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၁ ရက်နေ့က လည်း ဒုတိယအကြိမ် မီးရှို့ခံခဲ့ရပြီး နေအိမ်ပျက်စီးဆုံးရှုံးမှု သိရှိရခြင်းမရှိသေးကြောင်း၊ ကျေးရွာ နေပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြရကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများအား စစ်ကောင်စီတပ်နှင့်ပျူများက စစ်ကြောင်းထိုးလှည့်ပတ် မီးရှို့ဖျက်ဆီးကာ Droneဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်မှာ ယနေ့ အထိ ၂၅ ရက်ရှိပြီဖြစ်ပြီး စစ်ဘေး ရှောင်နေရသည့် ပြည်သူများမှာလည်း ၁ လပြည့်တော့မည်ဖြစ်ကြောင်း၊ ၁ လနီးပါးစစ်ဘေးရှောင် နေရသည့် ပြည်သူ ၂ သောင်းခန့်မှာ အခြေခံစားသောက်ကုန်၊ဆေးဝါး၊အနွေးထည်၊စောင်နှင့် အမိုး အကာများလည်း အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
Thanlwin Myanmar Media