ချောင်းဦးမြို့ရဲစခန်းနှင့် မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ထွက်လာသော စစ်သား၊ ရဲများကို တိုက် ခိုက်မှု စစ်သား ၃ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – CHU PDF တပ်ဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာလ ၂၈ ရက် မနက် ၈ နာရီ ၄၈ မိနစ်က ချောင်းဦးမြို့မရဲစခန်းထဲကနေ အင်အား ၁၅ ဦး လောက်နဲ့ ကင်းပတ်ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကို ချောင်းဦးမြို့နယ်ပကဖ တိုက်ခိုက်ရေး တပ် CHU PDF တပ်ဖွဲ့ ၃ မှ ဒုခွဲမှူး ဦးဆောင်ကာ တမာမြိုင်ရပ်ကွက် ၊သုံးဆူဘုရားနဲ့ လေးဆူ ဘုရားဝန်း ကျင်နေရာနားမှာ ပဒေသာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။
Photo – ပုံဟောင်း
အဲဒီတိုက်ခိုက်မှုမှာ စစ်သား ၁ ဦးသေဆုံးပြီး အပြင်းအထန်ဒဏ်ရာ ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က ဒီဇင်ဘာလ ၂ ရက် မနက် ၁၁ နာရီခွဲကလည်း မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကနေ အနီး အနားကျေးရွာတွေကို မီးရှို့ဖျက်ဆီးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၂၅ ဦးကို ညောင်ဖြူပင်ရွာ ထဲ တနေရာမှာ ပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ ဒဏ်ရာရရှိသူတွေရှိခဲ့ပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။
“ချောင်းဦးမြို့ပေါ်မှာက ကျနော်တို့ တစ်ဖွဲ့ထဲ တိုက်ခိုက်ခဲ့တာ၊ ရဲစခန်းထဲကနေ စခတွေ ကင်းပတ် ထွက် လာတဲ့အချိန် ပဒေသာမိုင်း ၂ လုံးတပြိုင်တည်းခွဲတိုက်ခိုက်ခဲ့တာပါ။ ညောင်ဖြူပင်ရဲစခန်းက တော့ သူတို့ကရွာတွေထဲ ဆင်းပြီးမီးရှို့နေကြဆိုတော့ သတင်းရတာနဲ့ ထွက်ချောင်းတာ။ အဲဒီ အချိန် မှာ ထိပ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်တာ။ ၂ ဦးမျက်မြင်သေတယ်။ အရာရှိပါမပါတော့ မသိရဘူး။ ၃ ပွိင့် ဗိုလ် တစ်ဦးတော့ မုံရွာတိုက်နယ်ဆေးရုံမှာတင်ထားရတယ်လို့ သတင်းရတယ်။”လို့ ချောင်းဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – CHU PDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေကိုတော့ ချောင်းဦးမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-CHU PDF တပ်ခွဲ ၂ ၊ Impoteral Guerilla Force ၊ မုံရွာခရိုင်တပ်ရင်း ၂၅ -သံမဏိတပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း ၂၃ ၊ မုံရွာ ခရိုင်တပ်ရင်း ၂၈ ၊ PLDF တပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
Thanlwin Myanmar Media