မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် အာဆီယံ ပါလီမန်အမတ်များ အဖွဲ့က ထောက်ခံကြိုဆို
သံလွင်မြန်မာသတင်း
နိုဝင်ဘာလ ၃၀
အကြမ်းဖက်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက် ထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က ခိုင်ခိုင်မာမာ ကြိုဆိုထောက်ခံကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မင်း အောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်လွှာတင်မှုကို ကြိုဆိုရမည်ဖြစ်ပြီး လူ့အခွင့်အရေး ချိုး ဖောက်သူတွေကို တာဝန်ခံစေမယ့် လုပ်ရပ်လည်းဖြစ်တယ်လို့ APHR က ပြောဆိုထားပါတယ်။
“မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ICC ရှေ့နေချုပ် Karim Khan ရဲ့ ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ကြိုဆိုပါတယ်။ နှစ်ပေါင်းများစွာ စေ့စေ့စပ်စပ် သက်သေအထောက်အထားတွေ စုဆောင်းပြီးနောက်၊ အခုလုပ်ရပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူတွေ၊ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို ကျူးလွန်ထားတဲ့သူတွေ တာဝန်ခံရန် ကတိကဝတ်ပြုမှုအတွက် နိုင်ငံတကာ အ သိုက်အဝန်းက ခိုင်မြဲမြဲရပ်တည်နေမှာဖြစ်တယ်ဆိုတာ အားကောင်းတဲ့ သတင်းစကား ဖြစ်ပါတယ်” လို့ APHR ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား အောက်လွှတ်တော် အဖွဲ့ဝင် Mercy Chriesty Barends က ပြောဆို ထားပါတယ်။
Photo – ICC တရားရုံး၏ တရားခွင်တစ်ခု။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများအတွက်လည်း ICC နဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်လျက်ရှိတယ်လို့ APHR ပူးတွဲဥက္ကဌလည်းဖြစ် မလေးရှားပါလီမန်အမတ် ဟောင်း Charles Santiago က ဆက်လက်ပြောဆိုထားပါတယ်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ မရေမတွက် နိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ သားကောင်တွေအတွက် တရားမျှတမှုကို ရှာဖွေရာမှာ ICC နဲ့ အတူ ကျနော်တို့ ပြတ်ပြတ်သားသား ရပ်တည်နေပါတယ်။ ရိုဟင်ဂျာလူမျိုးတွေနဲ့ ပဋိပက္ခဖြစ်ပွား နေသောနိုင်ငံအတွင်း ကြောက်မက်ဖွယ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံနေရသော အမျိုးသမီးနှင့် မိန်းကလေးအများအပြား အတွက် တရားမျှတမှုရှိရမယ်၊ တာဝန်ခံမှုဆိုတာ ညှိနှိုင်းလို့မရပါဘူး။”လို့ ၎င်းက ပြောဆိုပါတယ်။
မင်းအောင်လှိုင်ကို အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ပေးရန် ICC တရားသူကြီးများကို APHR က ဆက်လက် တောင်းဆို တိုက်တွန်းထားပါတယ်။
“မင်းအောင်လှိုင်လက်ထက်က စစ်တပ်က ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ရာဇ၀တ်မှုတွေဟာ အမြင့်ဆုံး အဆင့်မှာ မြန်မြန်ဆန်ဆန်နဲ့ အလျှော့မပေးဘဲ တာဝန်ခံဖို့ တောင်းဆိုတယ်။ ဒါကြောင့် မင်းအောင် လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC တရားသူကြီးတွေကို တောင်းဆိုပါတယ်” လို့ APHR ဘုတ်အဖွဲ့ဝင်နဲ့ လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်က ပြောဆိုပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကို ICC ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုတာကို ထောက်ခံအားပေးကြဖို့ APHR က ကုလသမဂ္ဂ၊ နိုင်ငံတကာ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းထားပါတယ်။
“အရှေ့တောင်အာရှက လက်ရှိ လွှတ်တော်အမတ်ဟောင်းတွေ ပါဝင်တဲ့ APHR က မြန်မာ အကျပ် အတည်းကို ဖြေရှင်းရာမှာ ခိုင်မာပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ အာဆီယံကို ထပ်ခါ ထပ်ခါ တောင်းဆိုထားပါတယ်” လို့ APHR ဘုတ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ထိုင်းပါလီမန်အမတ် Kasit Piromya က ပြောပါတယ်။
မြန်မာပြည်သူတွေအတွက် တရားမျှတမှုရရှိရေး အာဆီယံအနေနဲ့ စစ်တပ်အပေါ် အကာအကွယ် ပေးတာ၊ ထိရောက်မှု မရှိတဲ့ မူဘောင်ချမှတ်တာတွေကို အဆုံးသတ်ဖို့လည်း APHR က ဆက်လက် တောင်းဆိုထားပါတယ်။
“အာဆီယံ ဥက္ကဋ္ဌတာဝန်သစ် စတင်လိုက်တာနဲ့ အကြမ်းဖက်မှုကျူးလွန်သူတွေကို အကာအကွယ် ပေးတာနဲ့ ထိရောက်မှုမရှိတဲ့ မူဘောင်တွေ ချမှတ်ခြင်းပုံစံကို အဆုံးသတ်ရမှာဖြစ်ပါတယ်။ တရား မျှတမှုနဲ့ လူ့အခွင့်အရေးကို တည်ဆောက်ထားတဲ့ မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ တက်ကြွစွာ ချန်ပီယံ ဖြစ်ဖို့ အချိန်တန်ပြီ” လို့ APHR ဘုတ်အဖွဲ့ဝင်နှင့် ဖိလစ်ပိုင် အောက်လွှတ်တော် အဖွဲ့ဝင် Arlene Brosas က ပြောဆိုလိုက်ပါတယ်။
Thanlwin Myanmar Media