သထုံမြို့မှာ စစ်တပ်မိသားစု ကျောင်းကားအတွက် လုံခြုံရေးလိုက်ပါသော စစ်ကားကို ပစ်ခတ် တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံး
သံလွင်မြန်မာ
နိုဝင်ဘာလ ၂၃
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်မိသားစု ကျောင်းကား အတွက် လုံခြုံ ရေးလိုက်ပါလာတဲ့ စစ်ကားကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သထုံမြို့ပြ ပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီ ၅ မိနစ်မှာ သထုံမြို့နယ်၊ သု၀ဏ္ဏ၀တီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ Denko ဆီဆိုင်ရှေ့မှာ အကြမ်းဖက်စစ် စစ်တပ် မိသားစု ကျောင်းကား လုံခြုံရေးအဖြစ် လိုက်ပါ လာ တဲ့ စစ်သား ၅ ဦးပါ ကားကို KNLA တပ်ရင်း ၂ တပ်ခွဲ ၃၊ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ HRS တို့ ပူပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
စစ်ကားကို ပစ်ခတ်ချိန် စစ်ကားပေါ်က ပြန်လည် ပစ်ခတ်မှုရှိခဲ့သလို ကားက လမ်းပြောင်း ပြန်မောင်း ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
Photo – အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
အဲဒီတိုက်ခိုက်မှုမှာ ယာဉ်မောင်းဖြစ်သူ ရင်ဘတ်၊ ခြေထောက်တွေမှာ ကျည်ထိမှန် ဒဏ်ရာရကာ သေ ဆုံးခဲ့သလို ကျန်ဒဏ်ရာရရှိသူတွေလည်း သထုံမြို့နယ်ပြည်သူ့ဆေးရုံကနေ မော်လမြိုင်ဆေးရုံကို ထပ် ပို့ရသူတွေထဲက ၂ ဦးထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကျောင်းအသွားမှာ ပစ်ခတ်မှုလုပ်ရင် ကျောင်းသားကျောင်းသူများအန္တရာယ်ဖြစ်မှာစိုးလို့ ကျောင်းပို့ ပြီး အပြန်ခရီးမှာ ပစ်ခတ်တာပါ။ အခုဖြစ်စဉ်မှာ ယာဉ်မောင်း တကက အောင်ဇော် သေဆုံးပါတယ်။ နောက်ထပ် ၂ ဦးလည်း သေဆုံးပါတယ်” ဟု သထုံမြို့ပြ ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကားပေါ်ကနေ ပြန်လည် ပစ်ခတ်တာကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သလို HRS တပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီးလည်း ကျည်ဆန်ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ တယ်လို့ သိရပါတယ်။