ထားဝယ်မြို့နယ်တွင် စစ်တပ်၏ အတင်း အဓမ္မ စစ်သား စုဆောင်းခြင်းခံရသူ ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်
D Day News
နိုဝင်ဘာလ ၂၂
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်တပ်၏ အတင်း အဓမ္မ စစ်သား စုဆောင်းခြင်းခံရသူ ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာခဲ့သဖြင့် ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF က ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီး၍ စစ်မှုထမ်းအဖြစ် စုဆောင်းခြင်း ခံထားရသော ခလရ ၂၈၂ တပ်ရင်းမှ တသ စိုင်းလင်းကိုဟာ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ထံ ဆက်သွယ်ပြီးအောက်တိုဘာလ ၆ ရက်နေ့က အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အလင်းဝင်လာတဲ့အချိန်မှာ MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ဘောက် နှင့် 5.56 ကျည် ၂၃ တောင့်တို့ ယူဆောင်လာနိုင်ခဲ့တဲ့အတွက် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF က ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အကြောင်း အမျိုးမျိုးကြောင့် စစ်ကောင်စီ လက်အောက်ခံ တပ်သားအဖြစ် သွတ်သွင်းခံရ သူတွေ အနေနဲ့ အချိန်မနှောင်းခင် အသိဝင်ကာ လက်နက်ချ အလင်းဝင် ခိုလှုံကြရန် ထားဝယ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် -TPLF က တိုက်တွန်းထားပါတယ်။
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – TPLF အနေနဲ့ လက်နက်ချ၊ အလင်းဝင် ၊ထွက်ပြေး ခိုလှုံလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်တွေ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ အသက်အန္တရာယ်ကို အာမခံချက် ပေးမှာ ဖြစ်ကြောင်းနဲ့ အလင်းဝင် ရောက်သူတွေကို ကြိုဆိုနေတယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
D Day News