တောင်သာမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ကင်းပတ် ထွက်လာသည့် ပျူများကို တိုက်ခိုက်မှု ပျူခေါင်းဆောင် အပါအဝင် ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
D Day News
နိုဝင်ဘာလ ၁၉
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ် ထွက်လာသည့် ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်က တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူ ရွာမှ ပျူ ၂ ဦးသည် ကင်းပတ်ရန် ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ရာ တလိုင်းရပ် (ရွာသစ်) ပျူရွာ အတွင်း ထိ ကင်းပုန်းဝပ်နေရာယူခဲ့ကြသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပျူခေါင်းဆောင် ကျော်မင်းထူး၏ အလောင်း အပါအဝင် အလောင်း ၂ လောင်း၊ type-81 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ Dayang အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ၇.၆၂ ကျည်၂၀ တောင့်၊ ကာဘိုင်ကျည် ၂၁ တောင့်တို့ သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။
“တိုက်ခိုက်မှုကတော့ ဒီနေ့ဖြစ်ခဲ့တာပါ။ မနက် ၉ နာရီဝန်းကျင်လောက်က ဝင်ရောက် တိုက်ခိုက်ခဲ့ တာ တလိုင်းရပ်ပျူရွာထဲကို ဆိုင်ကယ် ၂ စီးနဲ့ ပျူ ၄ ဦးကင်းလှည့် လာတဲ့ အချိန် တိုက်ခိုက်ခဲ့တာ ၂ ဦး ကတော့ ပွဲချင်းပြီးသေတယ်” ဟု အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) က တလိုင်းရပ်ပျူအထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲ ယမ်း အချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
D Day News