ကန့်ဘလူ၊ သိမ်ရင်ဆည်ကို ရောက်ရှိနေသည့် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် သိမ်ရင်ဆည်ကို ရောက်ရှိနေသည့်အကြမ်းဖက် စစ်တပ်စစ်ကြောင်း ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် သိန်ရင်ဆည် ရေပိုလွှဲ နေရာကို ရောက်ရှိနေ သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဆိတ်ဖူးမြောင်ပျူရွာမှ စစ်ကောင်စီ တပ်သား ၃ ဦးနှင့် ကန့်ဘလူမြို့ အမှတ် ၂ ရပ်ကွက်မှ ပျူ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ပျူတစ်ဦးသည် နိုဝင်ဘာလ ၇ ရက်နေ့ တွင် ၁ ဦး ထပ်မံ သေဆုံးခဲ့သဖြင့် စုစုပေါင်း ၆ ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“စခစစ်ကြောင်း သိမ်ရင်ဆည်ရေပိုလွှဲ နေရာကို ရောက်နေတုန်း တိုက်ခိုက်ခဲ့တာပါ။ စခ အင်အားက ၁၅၀ လောက်ပါတယ်။ ဆိတ်ဖူးမြောင်ပျူရွာက စခ ၃ ဦးနဲ့ ကန့်ဘလူမြို့ အမှတ် ၂ ရပ်ကွက်က ပျူ ၂ ဦး ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာ ၁၅ ဦး ရှိတယ်။ အဲဒဏ်ရာရတဲ့ သူတွေထဲက ၇ ရက်နေ့မှ ၁ ဦး ထပ်သေတယ်။ နောက်ထက် ၅ ဦးလည်း အခြေအနေမကောင်းဘူးလို့ ထပ်သိရတယ်” ဟု ကန့်ဘလူ မြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား (KDF) အဖွဲ့မှ ကိုပေါက်ကြီး ဦးဆောင်၍ မြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ (KDF) ၊ (KGF) ၊ အမှတ်(၃) ၊ အမှတ် (၄) Drone အဖွဲ့ ကျေးရွာ ပကဖ နှင့် တိုက်နယ် ပကဖ များပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
D Day News