KNU နှင့် PDF များပူးပေါင်း၍ စစ်တပ်ကို ပြတ်ပြတ်သားသား တိုက်ခိုက်ရှင်းလင်းနေ (ရုပ်သံ)
D Day News
နိုဝင်ဘာလ ၆
ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေများမှ PDF များ ပူးပေါင်း၍ စစ်ကောင်စီကို ရန်သူအဖြစ် ပြတ်ပြတ်သားသားတိုက်ခိုက်ချေမှုန်းရှင်းလင်းမှုများ ဆောင်ရွက်နေပြီး စစ်ရေးအရ ပူး ပေါင်းဆောင် ရွက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး က ပြည်သူများကို အသိပေးပြောဆိုသည်။
ယမန်နေ့ ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့၏ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
KNU နယ်မြေများနှင့် တောင်ပိုင်းတိုင်းတွင် PDF နှင့် KNU များ ပူးပေါင်း၍ စစ်ကောင်စီတပ်များကို ပြတ်ပြတ်သားသား တိုက်ယူ ရှင်းလင်းနေကြောင်း၊ စစ်ရေးအရလည်း ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်နေပြီး စစ်ဆင်ရေး စီမံချက်အပေါ် မူတည်၍ တပ်အပြောင်းအရွှေ့များ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
“တောင်ပိုင်းစစ်ရေးအခြေအနေကတော့ ကျနော်တို့နဲ့ PDF နဲ့ပူးပေါင်းဆောင်ရွက်မှုမှာတော့ ရှေ့ တန်းမှာ ရန်သူအသွင်လာတဲ့ စစ်သားတွေမှန်သမျှကတော့ ပြတ်ပြတ်သားသားနဲ့ စဉ်ဆက်မပြတ် ဖိ အား ပေးတွန်းလှန်ပြီးတော့ တိုက်ယူတဲ့ ရှင်းလင်းတာတွေ တောက်လျှောက်ကရှိနေပါတယ်။ တစ် ချက် မှ မရပ်ပါဘူး။ PDF နဲ့ ပူးပေါင်းညှိနှိုင်းမှုက ဘာမှ ကျနော်တို့ကြားမှာ အခက်အခဲမရှိပါဘူး။ တချို့တွေ ကောလာဟလတွေ ထွက်နေတာတော့ရှိပါလိမ့်မယ်။ PDF တွေကို ကျနော်တို့က မောင်း ထုတ်တယ်ဆိုတာအဲဒါက မဟုတ်ပါဘူး။ ဒါက စစ်ရေး စီမံချက်တစ်ခုပေါ်မှာ အခြေခံပြီးတော့ လုပ် တဲ့ ကိစ္စ တစ်ခုဖြစ်ပါတယ်လို့ပဲ အဲဒီလိုပဲ ဖြေပါရစေ” ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြည်သူများကို အသိပေးပြောကြားသည်။
ထို့ပြင် လက်ရှိ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခြင်းဖြင့် အာဆီယံနှင့် နိုင်ငံ တကာ၏ တောင်းဆိုမှုများကို မျက်ကွယ်ပြုလိုက်ပြီဖြစ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် မြန်မာ့အရေး ကို ဝင်ရောက် ဖြေရှင်းရေး နိုင်ငံတကာ Mechanism တစ်ခု လိုအပ်နေပြီဖြစ်ကြောင်း၊ မြန်မာ့အရေး ပြဿနာမှာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေသော အွန်လိုင်းငွေလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးပြဿနာများမှာ တစ် ကမ္ဘာလုံးသို့ ပြန့်နေကြောင်း၊ စစ်တပ်က ပြည်သူများအပေါ် လုံး၀စစ်ပွဲဖြင့်ပစ်မှတ်ထား တိုက်ခိုက်နေ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“စစ်တပ်က ဘယ်အရာကိုမှ ဂရုမစိုက်ဘဲ ပြည်သူလူထုအပေါ်မှာ လုံး၀ Total War ကို အရှိန်အဟုန်နဲ့ လုပ်ပြီးတော့ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ မြို့နယ်ဧရိယာရဲ့ ၇၁ ရာခိုင်နှုန်းမှာ လက်နက်ပဋိပက္ခရဲ့ အရှိန်အဟုန်ပြင်းထန်စွာ ခံစားနေရပါတယ်။ အာဆီယံရဲ့ တောင်းဆိုချက်ဖြစ်တဲ့ De-escalation အကြမ်းဖက်မှုလျှော့ချရေးကို ဖောက်ဖျက်နေတာက စစ် ကောင်စီပဲဖြစ်ပါတယ်။ အာဆီယံနဲ့ နိုင်ငံတကာကို အကြံပြုလိုတာက လေယာဉ်ဆီ အမြောက်လက် နက်တွေ၊ ကျည်တွေ၊ ခဲယမ်းများ ထုတ်လုပ်တဲ့ကျည်တွေကို မြန်မာနိုင်ငံထဲကို ဆက်လက် ပေးပို့နေ ခြင်းက ပဋိပက္ခတိုးမြှင့်တာဖြစ်ပြီးတော့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ရာဇ ဝတ်မှုတွေကို ကျူးလွန်တာဖြစ်တဲ့အတွက်ကြောင့် ဒီဟာတွေရဲ့ လုပ်ဆောင်မှုတွေကို ရပ်တန်းက ရပ်ဖို့ ဝိုင်းပြီး နည်းလမ်းရှာဖို့လိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှု ၅၀၃၄ ကြိမ် ရှိပါတယ်။ အကြမ်းဖက်မှုတွေက စစ်တပ်ဆီက လာတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ လုံခြုံရေး တစ်ကမ္ဘာလုံး လုံခြုံရေးနဲ့ပတ်သက်နေပါတယ်။ ဒီ Scam Business တွေ တရားမဝင်အွန်လိုင်းငွေ လိမ်လည်တဲ့ လှုပ်ရှားမှုတွေ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေက တစ်ကမ္ဘာလုံး ပြန့်နေပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့က လမ်းမကြီးတွေမှာ ရှိသလို ဘန်ကောက်မြို့ရဲ့ လမ်းမကြီးတွေမှာလည်း ရောက်နေပါတယ်။ ဥရောပကိုလည်း ရောက်ပါတယ်။ ဒါကြောင့် ကျနော်တို့ ရဲ့ ပြဿနာက အကြီးကြီးပါ။ အဲဒါကြောင့် ဒါကို High Light လုပ်ပြီးတော့ တစ်ကမ္ဘာလုံးက အာရုံ စိုက် အောင် လုပ်ရမယ့် တာဝန်ကျနော်တို့မှာရှိပါတယ်။ ဒါကို ကျနော်တို့က ဆက်လုပ်မယ်။ အဲဒီ နည်းလမ်းကနေ နိုင်ငံတကာပါဝင်တဲ့ မက်ကနစ်ဆင် တစ်ခုကနေပြီးတော့ ဒီလမ်းကြောင်းကို လုပ် ခြင်း အားဖြင့် ပိုပြီးတော့ စဉ်ဆက်မပြတ်ဖြစ်တဲ့ နိုင်ငံထူထောင်ရေးလမ်းကြောင်း တည်ဆောက်မှု လမ်းကြောင်းကို ရောက်သွားမယ်လို့ ယုံကြည်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့် ကြေညာထားသော ရပ်တည်ချက်များအတိုင်း စစ်အာဏာရှင် အဆုံးသတ်ရေး၊ စစ်တပ်က ကျူးလွန်သော စစ်ရာဇဝတ် မှုများနှင့် အကြမ်းဖက်မှုများအတွက် တရားမျှတမှု ပြန်လည် ဖော်ဆောင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။
D Day News