နွားထိုးကြီးမြို့တွင်းသို့ ဝင်ရောက်ရန် ကြိုးစားသည့် စစ်တပ်စစ်ကြောင်း မိုင်းမိပြီး ၃ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၅
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားသည့် အကြမ်းဖက်စစ်ကြောင်းသည် တိုက်မိုင်းမိပြီး စစ်သား ၃ ဦးသေဆုံးကာ ပြန်ဆုတ်သွားကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၃၀ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာမှ ထွက်လာသော အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းသည် နွားထိုးကြီးမြို့တွင်းသို့ ခိုးကြောင် ခိုး ဝှက်ဖြင့် ဝင်ရောက်ရန် ကြိုးစားစဉ် ခက်လန်းရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော တိုက်မိုင်းမိပြီး ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းမိပြီးနောက် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ဖရိုဖရဲဖြစ်သွားကာ အနီးပတ်ဝန်းကျင် ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နွားထိုးကြီးမြို့တွင်းဝင် ရောက်ခြင်း မပြုနိုင်ပဲ ပြင်စည်ကျေးရွာဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
“နွားထိုးကြီးမြို့ကို အင်အားဖြည့်ဖို့လာတာ၊ ကားနဲ့မဝင်ရဲလို့ ခြေလျင်ဝင်လာတာပါ။ မိုင်းမိပြီးတော့ နောက်ပြန်ဆုတ်သွားတယ်၊ အဲဒီကတည်းနေ ထပ်ကြီးဝင်ဖို့ကြိုးစားတာတော့ မရှိသေးဘူး။ ပြင်စည် မှာပဲရှိသေးတယ်၊ အင်အားတော့ ထပ်တိုးထားတယ်၊ အမြန်လမ်းနဲ့လည်းနီးတော့၊ နွားထိုးကြီးမြို့နဲ့ ဆက်သွယ်ရေးလမ်းတွေမှာ အသုံးပြုသွားကြတဲ့မိဘပြည်သူတွေအနေနဲ့ ညပိုင်းအချိန်တွေသွားရင် ဂရုစိုက်သွားကြဖို့ပြောချင်ပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
D Day News