ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ပျူစောထီးများ စစ်ကြောင်းထွက်လာစဉ် မိုင်းမိပြီး ဒုရဲအုပ် တစ်ဦးအပါအဝင် ၄ ဦး သေဆုံး
D Day News
နိုဝင်ဘာလ ၄
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းရွာမှ အကြမ်းဖက်စစ်သား၊ ပျူ စောထီးများ စစ်ကြောင်းထွက်လာစဉ် မိုင်းမိပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၃ ရက် နံနက် ၆ နာရီခန့်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းရွာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ရေသာရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF တပ်ဖွဲ့မှ ထောင်ထားသော မိုင်းမိပြီး ဒုရဲအုပ် တစ်ဦး အပါအဝင် ၄ ဦး နေရာမှာပင် သေဆုံးသွားကြောင်း၊ ထိုသို့ မိုင်းမိပြီးနောက် ပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ် ကာ ပြန်ဆုတ်သွားပြေးသွားကြောင်း သိရသည်။
“မနေ့က မနက်စောစောထွက်လာတာ၊ ပျူစောထီးရွာကနေ ရေသာရွာဘက်ကို ထွက်လာတာ၊ မိုင်း မိပြီးတော့ ဒုရဲအုပ်တစ်ယောက်အပါအဝင် ၄ ယောက် နေရာမှာတင် သေသွားတယ်၊ နာမည်တော့ စုံစမ်း နေဆဲပဲ။ ဂန်းတွေပစ်ဖောက်၊ စက်လက်တွေပစ်ဖောက်ပြီးမှ ပြန်ဆုတ်သွားကြတာ၊ တိုက်ပွဲ လည်း မဖြစ်လိုက်ဘူး။ သူတို့နဲ့သူတို့ ပစ်ပြီးမှပဲ ပြန်ဆုတ်သွားကြတာ၊ ပြည်သူတွေ ထိခိုက်တာတွေ လည်း မရှိပါဘူး။” ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်း၊ ကုက္ကား၊ ဟံသာဝတီကျေးရွာစသည့် ကျေးရွာများတွင် နေထိုင်သူ ဒေသနေပြည်သူများကို အကြမ်းဖက်စစ်ကောင်စီတပ်က ပျူစောထီးသင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားပြီး လူသတ်မှု၊ လုယက်မှု၊ အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှု၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူမှုများ လုပ်ဆောင်စေရန် စေခိုင်းလျက်ရှိကြောင်း သိရ သည်။
D Day News