ဆားတောင်မြို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦး အပြင်းအထန် ဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က စစ်ကိုင်းမြို့နယ်၊ ဆားတောင် ရဲစခန်းမှ ရဲအချို့နှင့် ညောင်ငုတ်တိုရွာမှ ပျူစောထီးများသည် ဆားတောင်မြို့ အထက်တန်းကျောင်း အတွင်း အထိုင်ချတပ်စွဲ၍ ဘောလုံးကန်နေစဉ် ဒရုန်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူစောထီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိပြီး သေဆုံးမှုရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
“ဆားတောင်ရဲစခန်း၊ အထက ကျောင်းထဲမှာ တပ်စွဲနေတဲ့ စခ တွေကို ဒရုန်းနဲ့ ဗုံးကျဲခဲ့တာပါ။ ဗုံးသီး ၄ လုံးချခဲ့တယ်။ တစ်လုံးက မကွဲဘူး။ ၃ ဦးထက်နည်း ထိခိုက်မှုတော့ရှိတယ်။ သေမသေကတော့ စုံ စမ်း မရသေး ဘူး ။ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာ လည်းရှိပါတယ်။ ကျနော်တို့ရဲဘော်တွေ အထိ အခိုက်မရှိခဲ့ပါ ဘူး” ဟု Royal Falcon Guerrilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ ဆားတောင်ရဲစခန်းရှေ့၌ ပြည်သူများထံမှ ဆက်ကြေးကောက်၊ ငွေညှစ်အနိုင်ကျင့်နေ သော ရဲများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက် ည ၉ နာရီခန့်ကလည်း ဆားတောင်ရဲစခန်းမှ ရဲများ ကင်းပတ် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို Royal Falcon Guerrilla Force (Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
D Day News