ရေစကြိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် စစ်ကားတစ်စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၂
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် စစ်ကားတစ်စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ပကဖထံမှ သိရသည်။
အောက်တိုဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီခန့်က ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများကို သံပြားကာ အလုံပိတ်ဖြင့် တင်ဆောင်ပြီး တပ်ထဲသို့ သွားရောက်စဉ် ရေစကြိုမြို့အထွက် ဘက်စုံခြံ အနီးအရောက် ပဒေသာမိုင်း ၅ လုံး မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားမှာ ခေတ္တရပ် တန့်သွားပြီးခဏအကြာတွင် ဆက်လက်မောင်းနှင်သွားကြောင်း သိရသည်။
“ကားပေါ်မှာက ဘယ်လောက်ပါလဲ၊ ဘယ်လောက်ထိလဲ မသိရဘူး။ သံပြားကာ ဖောကား အလုံပိတ် ကြီးနဲ့ဆိုတော့၊ ပြီးဘယ်တပ်ထဲဝင်သွားတာလဲ မသိရဘူးဖြစ်နေတယ်၊ အဲဒီနေရာက အရမ်းလုံခြုံတဲ့ နေရာတွေဆိုတော့” ဟု ရေစကြို ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ခိုက်မှုအတွင်း ရေစကြိုမြို့မရဲစခန်းအတွင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
ယမန်နေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းမှ ထွက် လာသော အကြမ်းဖက်စစ်သား ၇၀ ခန့်ပါ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များက ကင်းပုန်းဝပ်ပြီး အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးသွားပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အနည်းငယ်နောက်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ နီပဆေးတော ကျေးရွာအတွင်း ဝင်ရောက် ပြီး ပြည်သူ့နေအိမ်များအား ဝင်ရောက်ရှာဖွေမွှေနှောက်ကာ နံနက် ၉ နာရီအချိန်မှစ၍ နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ ထိုသို့ ပြည်သူ့နေအိမ်များ မီးရှို့နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၆၀ မမ လက်နက်ကြီး၊ ဒရုန်းများဖြင့် တနေကုန် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အရင်ဆုံးက ကျနော်ရဲဘော်ကင်းသမားတွေနဲ့ အရင်တွေ့တာ၊ တွေ့တဲ့အချိန်ပစ်လိုက်တာ စစ်ခွေး တစ်ကောင်သေတယ်၊ နောက်တော့ ရဲဘော်တွေ ပြန်ဆုတ်ပြန်ဆုတ်ပေးလိုက်ရတဲ့အချိန်မှာ နီပဆေး တောကျေးရွာအတွင်းဝင်သွားပြီး မီးရှို့တာ၊ နေအိမ် ၁၅ လုံးလောက် မီးလောင်သွားတယ်။ ပြည်သူ တွေလည်း ဖမ်းသွားတာရှိတယ်၊ ပြန်လွတ်လာတဲ့သူတွေလည်း ရှိတယ်လို့ ကြားတယ်၊ အမျိုးသား တွေတော့ ဖမ်းခေါ်သွားတယ်လို့လည်း ကြားတယ်။” ဟု ရေစကြို ပကဖမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု မသိရပဲ ညနေ ၄ နာရီ ခန့်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ လင်းကတောနယ်မြေရဲစခန်းအတွင်းသို့ ဝင်ရောက်သွား ကြောင်း သိရသည်။
D Day News