မြန်မာစစ်တပ်ကို အရေးယူမှုမလုပ်နိုင်မချင်း ရက်စက်ကြမ်းကြုတ်မှုသံရာ ဆက်လက်ဖြစ်ပွားနေမည် ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian သတိပေး (ရုပ်သံ)
D Day News
အောက်တိုဘာလ ၃၁
မြန်မာစစ်တပ်ကို အရေးယူမှု မလုပ်နိုင်မချင်း ရက်စက်ကြမ်းကြုတ်မှုသံရာ ဆက်လက်ဖြစ်ပွားနေ မည် ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian သတိပေး ပြောကြားသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် ယန္တရားအကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ယန္တရား၏ နှစ်စဥ်လုပ်ငန်းဆိုင်ရာတိုးတက်မှုများကို အစီရင်ခံ တင်ပြခဲ့ရာတွင် ၎င်းကထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေဟာ ကျူးလွန်သူတွေ ဆယ်စု နှစ်ပေါင်းများစွာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်သူ တွေကို တရားစွဲအရေးယူမှု မလုပ်နိုင်မခြင်း ရက်စက်ကြမ်းကြုတ်မှုသံသရာ မပြတ်နိုင်ဘဲ ဆက်လက် ဖြစ်ပွားနေပါလိမ့်မယ်။ ဒီသံသရာကို အဆုံးသတ်ဖို့ ယန္တရားကို ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး၊ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးနဲ့ နိုင်ငံတကာ တရားရုံးက တရားရေးအာဏာပိုင်တွေဆီ အချက်အလက်နဲ့ စိစစ်သုံးသပ်ချက်မျှဝေမှုကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian က ပြောကြားသည်။
မြန်မာနိုင်ငံ စစ်ရာဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများသည် ယခင်နှစ်က ထက် အကြိမ်ရေပိုလားပြီး ပိုမိုရက်စက်ကြမ်းကြုတ်လာကြောင်း၊ မြန်မာစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ပိုမိုပြင်းထန်လာပြီး အရပ်သားများ ရာနှင့်ချီသေဆုံးခဲ့ကြောင်း၊ ပြီးခဲ့သည့် သတင်းပတ်အ တွင်း မြန်မာစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အထောက်အထားများကို စုဆောင်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက အသိပေးထားသည်။
“ဒီတိုက်ခိုက်မှုတွေထဲမှာ မန္တလေးတိုင်းနဲ့ ကယားပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုစီ၊ ရှမ်းပြည်နယ် မြောက်ပိုင်းက ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုရားကျောင်းတစ်ကျောင်း၊ စစ်ကိုင်းမြို့က မင်္ဂလာဧည့်ခံပွဲတစ်ပွဲနဲ့ရခိုင်ပြည်နယ်ကကျေးရွာတစ်ချို့ပါဝင်ပါတယ်” ဟုမြန်မာနိုင်ငံဆိုင်ရာလွတ် လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian သတိပေး ပြောကြားသည်။
ထို့အပြင် စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သည်ဟု ထင်မြင်ယူဆပါက မကြာခဏ ဖမ်းဆီးမှုများလည်း တိုးလာပြီး တရားမဝင်ဖမ်းဆီးမှုများလည်း တိုးလာကြောင်း၊ အသက်အရွယ်နဲ့ ဂျင်ဒါစုံလူပုဂ္ဂိုလ်တွေ ကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပါအဝင် ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့သည့် ထွက်ဆိုချက်များကို ထိခိုက်နစ်နာသူများနှင့် မျက်မြင်သက်သေများထံက စုဆောင်း ရရှိထားသည်ဟု ဆိုသည်။
“တရားမ၀င်ဖမ်းဆီးမှုနဲ့ ဖမ်းဆီးခံရသူတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ယန္တရားက စုံစမ်း စစ်ဆေးနေပြီး အရေးပါတဲ့ တိုးတက်မှုတွေ ရှိနေပါတယ်။ အသက်အရွယ်နဲ့ ဂျင်ဒါစုံ လူပုဂ္ဂိုလ် တွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုချက်တွေကို ထိခိုက်နစ်နာသူတွေနဲ့ မျက်မြင်သက်သေတွေဆီက ကျွန် တော်တို့ စုဆောင်းထားပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian က ပြောကြားသည်။
မြန်မာစစ်တပ်သာကမ အခြားလက်နက်ကိုင်အဖွဲ့များ၏ ကျူးလွန်မှုများ၊ ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုများဆိုင်ရာ အထောက်အထားများကို စုဆောင်းနေပြီး ကျူးလွန်မှုတိုင်းအတွက် မည် သည့်နိုင်ငံရေးအဖွဲ့ဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ၊ မည်သည့်လူမျိုးဖြစ်စေ ကျူးလွန်ပါက တာဝန်အရှိဆုံးပုဂ္ဂိုလ်များကို ဖော်ထုတ်ရန် လုပ်ဆောင်နေကြောင်း အသိပေးထားသည်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း စုံစမ်းဆေးမှုအသစ်များ စတင်လုပ်ဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရခိုင့်တပ်တော် တို့ကြား စစ်ပွဲအတွင်း ညှင်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် ကြောက်မက်ဖွယ်ရာဇဝတ်မှုများအကြောင်း သတင်းပေးပို့ချက်များကို လက်ခံရရှိထားကြောင်း သိရသည်။
D Day News