ဘုတလင်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုမှာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို ထပ်မံ ညွန်ပြပေးနေသည့် ခိုင်လုံသော သက်သေတစ်ခုဖြစ်ပြီး အလွန်အမင်းထိတ်လန့်ဖွယ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ထောက်ပြ
D Day News
အောက်တိုဘာလ ၃၁
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုမှာ စစ်အုပ်စု၏ ရက်စက်ကြမ်း ကြုတ်မှုကို ထပ်မံညွှန်ပြပေးနေသည့် ခိုင်လုံသော သက်သေတစ်ခုဖြစ်ပြီး အလွန်အမင်းထိတ်လန့် ဖွယ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားသည်။
အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်း စာနာမှု နှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက် ရှိသော လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်သူများက စုပေါင်း ရှင်းလင်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဘုတလင် မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုမှာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို ထပ်မံ ညွှန်ပြပေးနေသည့် ခိုင်လုံသော သက်သေတစ်ခုပင်ဖြစ်ပြီး အချို့သော သူများမှာ အပိုင်းပိုင်း ခုတ် ထစ်ခံ ထားရကြောင်း၊ ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ကျဲပြန့်လွင့်စင်နေကြောင်း၊ ဦး ခေါင်းများနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်း များမှာ အရပ်သားနေအိမ်များ၏ ခြံစည်းရိုးများ၌ ချိတ်ဆွဲခံ ထားရသည်မှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းကြောင်း ကုလသမဂ္ဂဆိုင်မြန်မာအမြဲတမ်းကိုယ် စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
ယခုဖြစ်စဉ်မှာ သီးခြားဖြစ်စဉ် မဟုတ်ကြောင်း၊ အချို့သော ဖြစ်စဉ်များတွင် လူပုဂ္ဂိုလ်များမှာ အရှင် လတ်လတ် မီးရှို့သတ်ဖြတ်ခံထားရကြောင်း၊ ထို့ကြောင့် အချို့သော ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဤမျှ လူမဆန်သော စစ်ကောင်စီအား ထောက်ခံအားပေးကာ လက်နက်၊ ခဲယမ်း၊ နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် ဆက်စပ် နည်းပညာများကို မည်သို့သော စိတ်အခြေအနေဖြင့် ပံ့ပိုး ထောက်ပံ့ပေးနေနိုင်သည်ကို မိမိ အနေဖြင့် မေးခွန်းထုတ်လိုကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက လုံခြုံရေးကောင်စီအား မြန်မာနိုင်ငံ၏ အလုံး စုံသော အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံသို့ လွှဲပြောင်းပေး ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သလို မိမိအနေဖြင့်လည်း ၎င်း၏ တောင်းဆိုချက်ကို ထပ်တူ ထပ်မျှ တောင်းဆိုလို ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြော ဆိုသည်။
စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု၏ လက် သည် တရားခံဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း၊ လွတ်လပ်၍ တရားမျှတသော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှတဆင့် ဖော်ထုတ်ပြသထားသည့် ပြည်သူ့ဆန္ဒ ကို လစ်လျူရှုကာ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ခြင်းကာ နိုင်ငံရေးခေါင်းဆောင်များကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ထို့အပြင် နိုင်ငံရေးပါတီအများစု ကိုလည်း ဖျက် သိမ်း ထား သည်ကို အားလုံးအနေဖြင့် မမေ့လျော့သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။
ပြဿနာ၏ ဇစ်မြစ်ဖြစ်သည့် စစ်အာဏာရှင်စနစ်၊ တရားမဝင်သော စစ် အာဏာသိမ်းမှုနှင့်တကွ ပြစ် ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ကို မဖြေရှင်းပါဘဲ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံ ရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ပဲ မြန်မာနိုင်ငံတွင် လက်ငင်း အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် မတရား စစ်အာဏာ သိမ်းမှု ရပ်တန့်ရေးပင်ဖြစ်သည်ဟု ဆိုသည်။
အကြမ်းဖက် စစ်အုပ်စုမှ အပြစ်မဲ့ ပြည်သူများအပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများအား ထပ်တိုး ကျူးလွန်ခြင်းကို တားမြစ်ရန် ပစ်မှတ်ထားသော အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့် စစ်ကောင်စီ ထံသို့ ဘဏ္ဍာငွေ၊ လက်နက်၊ ခဲယမ်းနှင့် လေယာဉ်ဆီ အပါအဝင် နှစ်မျိုးသုံးပစ္စည်းများ ထောက်ပံ့မှု ရပ်တန့်ခြင်းတို့က အဓိကကျသော နည်းလမ်းများဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာကိုလည်း အပြီးတိုင် ချုပ်ငြိမ်းစေရမည် ဖြစ်ပြီး ရာဇဝတ်သားများကို တရားဥပဒေကြောင်းအရ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း၊ လုံခြုံရေး ကောင်စီအနေဖြင့် လူ့အခွင့်အရေးမဟာမင်းကြီ မှ မြန်မာနိုင်ငံ၏ အလုံးစုံသော အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရေး တောင်းဆိုချက်အား အလေးထား စဉ်းစားသင့်ပြီး ရောမစာချုပ်၏ စာပိုဒ် (၁၄) အောက်မှ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံး ထံသို့ မြန်မာအရေးကို လွှဲပြောင်း ခြင်းဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲ တမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
D Day News