ဆီမီးခုံမြို့ ဆေးရုံအတွင်းတပ်စွဲထားသော စစ်သားများ ဈေးဝယ်ထွက်စဉ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
D Day News
အောက်တိုဘာလ ၃၀
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီခုံမြို့ဆေးရုံ၌ တပ်စွဲထားသော စစ်သားများ ဈေးဝယ်ထွက်စဉ် မိုင်း ဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် နံနက် ၈ နာရီခန့်က ဆီမီးခုံမြို့ဆေးရုံအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သား ၈ ဦးသည် ဆီမီးခုံမြို့အနောက်ဈေးသို့ ဈေးဝယ်ထွက်လာစဉ် တံတားကြီးအနီး ကွန်ကရစ်လမ်းမပေါ်အရောက် ပဒေသာမိုင်း ၇ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးမိုင်းစထိ မှန်လဲကျသွားကြောင်း သိရသည်။
“၈ ဦးဗျ၊ မနက်တိုင်းဈေးဝယ်ထွက်နေကြပဲ၊ မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်စောင့်နေတာကြာပြီ။ မြို့ထဲ ဆိုတော့ လုပ်ရတာ အတော်ကြပ်တယ်။ ပြည်သူတွေလည်းရှိနေတော့။ စခ၊ ရခ၊ ပခတွေကို ပစ်မှတ် ထားတိုက်ခိုက်တဲ့နေရာမှာ ပြည်သူတွေ အထိအခိုက်မဖြစ်စေချင်ဘူး။ အဲဒါကြောင့်လည်း မိဘပြည် သူတွေအနေနဲ့ စခ၊ ရခ၊ ပခတွေနဲ့ ဝေးဝေးနေပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ရွှေဂျိုးဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မိုင်းစထိမှန်သော အကြမ်းဖက်စစ်သားများကို ကျန်စစ်သားများက ဆွဲခေါ်ယူပြီး ဘေးဝဲယာကို ရမ်း သမ်းပစ်ခတ်ကာ ၎င်းတို့အထိုင်ချထားသည့် ဆေးရုံရှိဘက်သို့ ဝရုန်းသုန်းကားဖြင့် ပြန်ပြေး သွား ကြောင်း၊ မိုင်းစထိမှန်မှုကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၄ ဦးအနက် ၂ ဦးကို စောင်ပု ခက်ဖြင့် ထုတ်ပိုးထမ်းသယ်ကာ နံနက် ၁၁ နာရီအချိန်တွင် မြစ်ဆိပ်ဘက်သို့ သယ်ယူ သွားကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) နှင့် AungSan’s Blood Civilians Defense Force (ABCDF) မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်းကာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး MSDO ၏ စစ်ဆေးရေး အစိတ်အပိုင်းအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက မြို့အတွင်းရှိ ပြည်သူများကို ဖမ်းဆီး၍စစ်ဆေးမှုရှိခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ၊ ပျူစောထီးများ၊ စစ်တပ်ထောက်တိုင်များ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် ၎င်းတို့အနီးသွားလာ နေထိုင်ခြင်းမပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။
ဆီမီးခုံမြို့တွင်း စစ်ဆင်ရေးအဖြစ် ယခုတိုက်ခိုက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က ဆီမီးခုံမြို့ စာသင်ကျောင်းရှေ့ရှိ စစ်တပ်၊ ရဲ ပူးပေါင်း ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကာ သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
D Day News