တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄ ဦး အပြင်းအထန်ဒဏ်ရာရ
D Day News
အောက်တိုဘာလ ၂၉
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Myingyan District Drone Strike- MDDS တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၂၇ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က တောင်သာမြို့နယ်၊ ရုံးစည်ကြီး ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် 6kg ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၂ လုံးသည် ရဲစခန်း လက်နက်တိုက်နှင့် အချုပ်ဆောင်တို့ကို ထိမှန်ပေါက်ကွဲခဲ့ပြီး အဆောင် ပွင့်ထွက်သွားကြောင်း၊ စခန်းတွင် တာဝန်ကျနေသော အကြမ်းဖက်စစ်တပ်မှ ၃ ပွင့်အရာရှိ ဗိုလ်ကြီး တစ်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် အခြားအဆင့် ရဲ ၂ ဦးတို့အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“နှစ်လုံးက လက်နက်တိုက်နဲ့ အချုပ်ဆောင်ကို သေချာထိမှန်ပြီး အဆောင်ပွင့်သွားတယ်၊ လူထိခိုက် မှုကတော့ ရဲစခန်းမှာ လာနေတဲ့ ၃ ပွင့်အဆင့် ဗိုလ်ကြီးနဲ့ တောင်သာဘက်ကနေ ရုံးစည်ကြီးစခန်းကို တွဲဖက်အဖြစ် တာဝန်ယူထားတဲ့ ဒုရဲအုပ်တစ်ဗယာက် အပြင်းအထန်ဒဏ်ရာရတယ်။ ဗုံးကျလို့ အ ကြား အာရုံမရတော့ဘူးလို့ သိရတယ်။ နောက်ထပ် ရဲနှစ်ယောက်လည်း မျက်နှာတွေမှာ ထိခိုက် ဒဏ်ရာရတယ်။ စခန်းမှာ ဗုံးကျဲတဲ့အချိန် လေယာဉ်လာတာမရှိပါဘူး” ဟု Myingyan District Drone Strike- MDDS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike- MDDS တပ်ဖွဲ့နှင့် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ရုံးစည်ကြီးရဲစခန်းမှ အကြမ်းဖက်စစ်သား၊ ရဲများသည် အပြစ်မဲ့ပြည်သူများနေထိုင်ရာကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းနေရာများကို သတင်းပေးကာ လေကြောင်းဖြင့် တိုက်ခိုက်ခိုင်း ခြင်းများ လုပ်ဆောင်နေမှုကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myingyan District Drone Strike- MDDS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
D Day News