စစ်အုပ်စုက ကျား၊မ မရွေး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကို အရက်စက်ဆုံးပုံစံဖြင့် ကျူးလွန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းပြောဆို
D Day News
အောက်တိုဘာလ ၂၈
အကြမ်းဖက်စစ်အုပ်စုက ကျား၊မ မရွေး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အ ကြမ်းဖက်မှု များ ကို အရက်စက်ဆုံးပုံစံဖြင့် ကျူးလွန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းပြောဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ ညှဉ်းပန်း နှိပ်စက်မှုနှင့် အခြား သော ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော သို့တည်းမဟုတ် နှိမ့်ချသော ဆက်ဆံမှု သို့တည်း မဟုတ် ပြစ်ဒဏ် ပေးခြင်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီခွဲဥက္ကဋ္ဌနှင့် အထူးအစီရင်ခံစာ တင် သွင်းသူတို့နှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအရ ဖမ်းဆီးထိန်းသိမ်း ခံထားရသူများ အနေဖြင့် ရိုက်နှက်ခြင်း၊ လျှပ်စစ်ရှော့ခ်ပေးခြင်း၊ အသက်ရှူကြပ်သည် အထိ လည်မျိုညှစ်ခြင်းတို့ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ လက်သည်းများအား ပလာရာများ ဖြင့် ညှပ်ထုတ်ခြင်း၊ သက်ငယ်များနှင့် အရွယ်ရောက်ပြီး သူများအား ကျားမမရွေး အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများကို အရက်စက်ဆုံးပုံစံဖြင့် ကျူးလွန်ခြင်း၊ လိင်အင်္ဂါများအပေါ် မီးလောင်မြိုက်ခြင်း၊ အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကျားမ အခြေပြုရာဇဝတ်မှု များ၊ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ရည်ရွယ်ချက်ရှိရှိ မပေး အပ် ခြင်း စသည့် ပုံစံများဖြင့် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်ခံထားရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြား သည်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်၏ ဖြစ်စဉ်မှာ လက်ငင်း ဖြစ်စဉ်တစ်ခုပင်ဖြစ်ကြောင်း၊အလားတူ ဖြစ်စဉ်များ များစွာ ရှိကြောင်း၊ AAPP မှတ်တမ်းများအရလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖမ်းဆီး ထိန်းသိမ်းခံရစဉ် သေဆုံးသူ အယောက်ပေါင်း (၁,၉၀၂) ဦးခန့်ရှိကြောင်း၊ ယင်းမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရ သူ (၅,၇၁၂) ၏ ၃၃.၃ ရာခိုင်နှုန်းရှိကြောင်း၊ အဆိုပါ ညွှန်းကိန်းများကို ကြည့်ခြင်း အားဖြင့် စစ်ကောင်စီက ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ချဲ့ထွင်နေခြင်းနှင့် ၎င်းတို့၏ ပြစ်မှုများမှာ စစ်ရာဇဝတ်နှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်းကို ထပ်လောင်း သက်သေပြနေခြင်းတို့ပင်ဖြစ်ကြောင်း ၎င်းက ထောက်ပြထားသည်။
ထိရောက်သော ကြားဝင်စွက်ရောက်မှု မရှိပါက စစ်အုပ်စုအနေဖြင့် အဆိုပါ ရက်စက် ကြမ်းကြုတ် သော လုပ်ရပ်များကို ပြစ်ဒဏ်ကင်းလွတ်ခံစားကာ ဆက်လက် ကျူးလွန်နေမည် သာဖြစ်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက် စစ်ကောင်စီလက်ထဲမှ သားကောင်များအား အကာအကွယ်ပေးရေးနှင့် သေဆုံးသူများအတွက် တရားမျှတမှုဖော်ဆောင်ရေးတို့က ညီတူညီမျှ အရေးကြီးကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
သို့ဖြစ်ပါ၍ အဖွဲ့ဝင်နိုင်ငံများမှ ဤအရေးကိစ္စအား ထိရောက်စွာ တိုက်ဖျက်နိုင်မည့် နည်းလမ်းများနှင့် ကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးယန္တရားတို့နှင့် စပ်လျဉ်း၍ ယနေ့ ရှင်းလင်း ပြောကြားပေး သူများ အနေဖြင့် အကြံပြုပေးပါရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားသည်။
D Day News