နွားထိုးကြီးမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၈၀ အရွယ် သံဃာတစ်ပါး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်းတို့ပျက်စီး
D Day News
အောက်တိုဘာလ ၂၅
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အရှေ့ခြမ်း၊ မင်းစုံတောင်သစ်တောကြိုးဝိုင်းအတွင်းရှိ ဘုန်ကြီး ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် သံဃာတစ်ပါး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။
အောက်တိုဘာလ ၂၃ ရက် ညနေ ၂ နာရီ ၄၀ မိနစ်အချိန်က နွားထိုးကြီးမြို့နယ်အရှေ့ခြမ်း၊ မင်းစုံ တောင် သစ်တောကြိုးဝိုင်းအတွင်းရှိ တောင်ပေါ် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် ကျောင်းထိုင်ဆရာတော် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းဆောင်နှင့် ဓမ္မာရုံမှာလည်း လုံးဝပြိုကျ ပျက်စီး သွားကြောင်း သိရသည်။
“ကျောင်းထိုင်ဆရာတော်က အရေးပေါ်ဆေးကုသနေရတယ်။ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံက လုံးဝ ပြိုကျသွားတာ။ ရဟန်းသံဃာတွေ တစ်ပါးမှ နေရလို့ မရအောင်အထိ ပျက်စီးသွားတာပါ။ ဘာတိုက် ပွဲမှမရှိပါဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာ၊ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီး ခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၄ ရက် ညနေ ၄ နာရီခန့်က ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာ ရှိ အခြေခံ ပညာ အထက်တန်းကျောင်းကို ပစ်မှတ်ထားကာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ Mi 35 ရဟတ်ယာဉ်ဖြင့် ဗုံး သီး ၂ လုံးကျဲချပြီး စက်သေနတ်ဖြင့် လှည့်လည်ပစ်ခတ် ခဲ့ ရာ စာသင် ကျောင်းဆောင်များ ဗုံးစထိမှန် ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
“ဗုံးသီးချပြီးတော့ စက်သေနတ်တွေနဲ့ပစ်သွားတာ။ တိုက်ပွဲမဖြစ်ဘူး။ အခြေခံပညာအထက်တန်း ကျောင်းပေါ့။ ကျောင်းရဲ့အိပ်သာနားမှာ ဗုံးသီးတယ်။ ကျောင်းသားတွေတော့ ထိမှန်မှုမရှိပါဘူး။ ဒီနေ့ မနက် ၄ နာရီလောက်ကလည်း လာဝဲနေသေးတယ်။ ဘယ်အချိန်လာပစ်မလဲကြောက်နေရတာပေါ့” ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ဓာတ်ပုံ – နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ
D Day News