အကြမ်းဖက်စစ်တပ်က ပြည်သူများကို ရက်ရက်စက်စက် အပိုင်းပိုင်းဖြတ်တောက်သတ်ဖြတ်မှုဖြင့် ပြည်သူများကို အကြောက်တရားရိုက်သွင်းနေခြင်းဖြစ်ပြီး မှတ်တမ်းများနှင့်တကွ နိုင်ငံတကာကို ကျယ်ကျယ်ပြန့်ပြန့်ချပြရန်လိုအပ်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ပြောဆို
-
စစ်တပ်၏ သတ်ဖြတ်ခြင်းခံရသူ မိသားစုဝင်များကို လိုအပ်သည့်ထောက်ပံ့မှုများ လုပ်ဆောင် ပေးရန် တိုက်တွန်း
D Day News
အောက်တိုဘာလ ၂၅
အကြမ်းဖက်စစ်တပ်က ပြည်သူများကို ရက်ရက်စက်စက် အပိုင်းပိုင်းဖြတ်တောက်သတ်ဖြတ်မှုဖြင့် ပြည်သူများကို အကြောက်တရားရိုက်သွင်းနေခြင်းဖြစ်ပြီး မှတ်တမ်းများနှင့်တကွ နိုင်ငံတကာကို ကျယ်ကျယ်ပြန့်ပြန့်ချပြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်း ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၄ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြား ကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၉/ ၂၀၂၄) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဘုတလင်အပါအဝင် နိုင်ငံအနှံ့က ကျေးရွာတော်တော် များများကို လက်လွတ်စပယ် ဝင်ရောက်မီးရှို့တာ၊ ပြည်သူတွေကို ရက်ရက်စက်စက် အပိုင်းပိုင်း ဖြတ်တောက်ပြီး အကြောက်တရားတွေဝင်အောင် အမျိုးမျိုး ဖိနှိပ်မှုတွေ လုပ်ဆောင်နေတာ ဒီရက်တွေမှာ ပိုမိုကြား လာရပါတယ်။ ဒီအတွက် တာဝန်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုက လူတွေ တစ်ဦး တစ်ယောက်မှ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ထုတ်ရာမှာ လွတ်မြောက်မှု မရှိစေဖို့အတွက် ကြိုး ပမ်း ကြရမှာဖြစ်သလို ယခုလတ်တလော အခြေအနေမှာလည်း နယ်မြေ လုံခြုံရေးအတွက် ကျွန် တော်တို့ ပိုမိုကြိုးပမ်းအားထုတ်ပြီး ပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေး အတွက်လည်း ကြိုး ပမ်းပေးကြဖို့ တိုက်တွန်းလိုပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြော ကြားသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ဝင်ရာက်စီးနင်းခဲ့ပြီး ရွာလုံးကျွတ်မီးရှို့ခဲ့ရာ အိမ်ခြေ ၅၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၃၀၀ ကျော် ပြာကျဆုံးရှုံးခဲ့ ကြောင်း၊ ထို့အပြင် ကျေးရွာနေ ပြည်သူများဖြစ်သည့် ဦးတင်လှိုင် ၊ ဦးကြောင်ပို ၊ ဦးရာစိန်၊ ဦးဌေးလွင် နှင့်အမည်မသိသူ ၂ ဦးတို့ကို ခေါင်းဖြတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ အမျိုးသားလိင်အင်္ဂါကို ဖြတ် တောက်၍ ဦခေါင်းပြတ်၏ ပါးစပ်ထဲသို့ ထိုးထည့်ချိတ်ဆွဲခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများ ထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်ခြင်း၊ လူ၏ အူနှင့် ကလီစာများကို ရွာနေရာအနှံ့တွင် စွန့်ပစ်ခဲ့ခြင်း များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“အသက်ပေးလိုက်ရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်ကိုလည်း လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင် ပေးဖို့လည်း တိုက်တွန်းလိုပါတယ်။ အခုလို ဆိုးရွားတဲ့ စစ်ရာဇဝတ်မှု ကျုးလွန်တာတွေကိုလည်း မှတ် တမ်းမှတ်ရာ၊ ထွက်ဆိုချက်များ နဲ့တကွ သေချာစွာပြုစုပြီး နိုင်ငံတကာကသိအောင် ကျယ်ကျယ်ပြန့် ပြန့် ချပြဖို့လည်း လိုမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မှုတွေမှာ တာ ဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ ရောထွေးမှုမရှိရအောင် အထူးသတိပြု ဆောင်ရွက်စေလိုပါတယ်။ အခက် အခဲ အကန့်အသက်တွေကြားကပဲ တော်လှန်ရေးကာလ အုပ်ချုပ်ရေးယန္တရားကို အကောင်းမွန်ဆုံး ဖြစ်အောင် ကြိုးစားလုပ်ဆောင် ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။
ထို့အပြင် စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ပြည်သူများကို ဖမ်းဆီးကာ သတ်မှုဖြတ် ၂၄ ဦးအထိ ရှိခဲ့ပြီး ပြည်သူ ၅၀ ကျော်ကိုလည်း ဓားစာခံဖမ်းဆီးသွားကြောင်း၊ ယင်းစစ်တပ်စစ်ကြောင်းမှာ မုံရွာ အခြေ စိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။
D Day News