ကဗျာ ကဏ္ဍ “ကြောက်တပ်”
ပျိုးကြဲလက်
စည်းစိမ်ဥစ္စာ ၊ ပြည့်အာဏာနှင့်
ရာထူးဂုဏ်သိန် ၊ လျှော့ပါးမှိန်၍
သူရိန်အဆင်း ၊ ကွယ်ပျောက်ခြင်းကို
မခြွင်းအတိ ၊ ငါကြောက်၏ ။
ငါ၏ကြောက်စိတ် ၊ ရင်၌ထိတ်သော်
ကြိတ်မှိတ်၍သာ ၊ ပြည့်အာဏာကို
မှန်စွာထိန်းညှိ ၊ ငါသိမ်း၏ ။
မဲပေးသည့်လက် ၊ လမ်းပေါ်ထွက်၍
ချီတက်ဆန္ဒ ၊ ငါ့ကိုပြသော်
ငါကကြောက်ဘိ ၊ နှိမ်နင်း၏ ။
ငါ၏သတင်း ၊ ခဏတွင်းဝယ်
ချက်ချင်းသယ်လာ ၊ မီဒီယာ၏
လေသာခညောင်း ၊ ထိုစလောင်းလည်း
ကောင်းစွာကြောက်ဘိ ၊ ငါသိမ်း၏ ။
ဝန်ထမ်းမှာစံ ၊ စီဒီအမ်လည်း
အသံနှင့်ပင် ၊ ကြောက်စိတ်ဝင်၍
ငါလျှင်ဖြုတ်ဘိ ၊ လိုက်ဖမ်း၏ ။
ပြည်သူ့အတွက် ၊ ပီဒီအက်ဖ်လည်း
သွက်သွက်ဖမ်းဘိ ၊ ငါကြောက်၏ ။
ထောက်ပို့ရဲဘော် ၊ တွေးမချော်ဘူး
မျှားခေါ်ဖမ်းဘိ ၊ ငါကြောက်၏ ။
အသံလွှင့်မည် ၊ အန်ယူဂျီ၏
ရေဒီယိုဟန် ၊ ရာဇသံလည်း
ကြောက်ပြန်သဗျို ၊ ရေဒီယိုနှင့်
ဆိုင်ကိုဖမ်းဘိ ၊ ငါသိမ်း၏ ။
ဆိုင်ပိတ်စျေးပိတ် ၊ အလုပ်ပိတ်၍
တိတ်ဆိတ်ငြိမ်သက် ၊ လူထုမျက်သော်
ရက်စက်ပါဘိ ၊ ငါကြောက်၏ ။
နှင်းဆီနီနီ ၊ မာန်ဝင့်ချီလျှက်
ကျီစယ်တိတ်ဆိတ် ၊ ပန်းသပိတ်လည်း
စိတ်ထဲစွဲဘိ ၊ ငါကြောက်၏ ။
ဘလူးတုဘောက် ၊ မိုင်းထောင်ဖောက်၍
ငါကြောက်ပါဘိ ၊ လိုက်ဖမ်း၏ ။
ရွှေငွေမြေစျေး ၊ လောင်စာစျေးနှင့်
သူဌေးပေါင်းစုံ ၊ ငါမယုံ၍
လူကုန်ဖမ်းဘိ ၊ ငါကြောက်၏ ။
ငါ၏ဝန်းကျင် ၊ ငါ့ကိုခင်၍
ချစ်ကြင်နှစ်သက် ၊ ငါ့ရဲမက်လည်း
ငဲ့ကွက်မဲ့တုံ ၊ စစ်စုံခုံနှင့်
စုံစွာဖမ်းဘိ ၊ ငါကြောက်၏ ။
သူရဲဘောကြောင် ၊ ငါဦးဆောင်သည့်
ကယောင်နောက်လိုက် ၊ လူ့ငမိုက်တို့
ဘေးခိုက်ရန်ကပ် ၊ မသာထပ်၍
တပ်ကွယ်ချိန်ရောက်၊ စည်းကမ်းဖောက်ပြီ
အလို….
ကြောက်တပ်ကြီးပါတကား ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် နံနက်အစောပိုင်း ၃ နာရီ ၃၆ မိနစ်
D Day News